Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ လက်မှတ်ထိုး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ လက်မှတ်ထိုးနေစဉ်(ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ တို့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ တရားဝင် ထုတ်ပြန်လိုက်သည်။

အဆိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ်ဒေသလုံခြုံရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးကဏ္ဍ၊ နှစ်နိုင်ငံအကြား ဆက်လက်ဆောင်ရွက်ရန်ရှိသည့် နယ်နိမိတ် ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများ လဲလှယ်ပွဲကို ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ တို့၏ ရှေ့မှောက်၌ မြန်မာနိုင်ငံ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် အိန္ဒိယ အာမခံ ဌာနတို့ အကြား ရေးထိုးသည့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းအတွက် ပညာရပ်ပိုင်းဆိုင်ရာနှင့် ကျွမ်းကျင် ပညာရှင်များ ပြုစုပျိုးထောင်ရေး အစီအစဉ်နှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ Insurance Institute of India မှ Secretary General Shri P. Venugopal တို့က လဲလှယ်ကြသည်။

မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီး ဌာနတို့အကြား ရေးထိုးသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် အိန္ဒိယနိုင်ငံ Ministry of power မှ Secretary Shri Pradeep Kumar Pujari တို့က လည်းကောင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်နှင့် အိန္ဒိယနိုင်ငံ Reserve Bank of India တို့အကြား ရေးထိုးသည့်နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ မှ Deputy Governor Reserve Bank of India၊ Shri S S Mundra တို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယသမ္မတနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးများတွင် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ အရည်အသွေးများ မြှင့်တင်ပေးခြင်း၊ လမ်းများ ပြန်လည် တည်ဆောက်ခြင်း၊ လျှပ်စစ်စွမ်းအား ပံ့ပိုးပေးခြင်း၊ ပညာရေး အဆောက်အအုံနှင့် ကျန်းမာရေး အခြေခံအဆောက်အအုံတို့တွင် ပံ့ပိုး ကူညီခြင်းဖြင့် မြန်မာပြည်သူများ တိုးတက်စည်ပင် ဝပြော မှုများ ရရှိစေရေးအတွက် အထောက်အကူ ပြုပေးမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် နယ်ပယ်များကို လျင်မြန်စွာ အကောင်အထည်ဖော်သွားကြရန် သဘော တူညီခဲ့ကြသည်။

နှစ်ဖက်စလုံးက နယ်စပ်တစ်လျှောက် လုံခြုံရေးထိန်းသိမ်းမှုသည် နယ်စပ်ဒေသ စီးပွားရေးနှင့် လူမှုဘဝတိုးတက်စေရေးအတွက် အရေးပါသည်ဟု တူညီစွာ ရှုမြင်ကြကြောင်း၊ အချုပ်အခြာ အာဏာ ပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားကြောင်းနှင့် သောင်းကျန်းသူများ၏ လှုပ်ရှားမှု များနှင့် အကြမ်းဖက်မှုအန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက် သွားကြရန် ကတိကဝတ်ပြုကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.