Connect with us

Politics, Law & Military

နေရပ် စွန့်ခွာ ထွက်ပြေးသူ ၂ ထောင်ကျော်အား နိုဝင်ဘာ လလယ်တွင် စိစစ်ပြီး ပြန်လည် လက်ခံရန် စီစဉ်ထားရှိ


ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေရပ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူများ အနက် ဦးရေ ၂ ထောင်ကျော်အား နိုဝင်ဘာ လလယ်တွင် ပထမ အသုတ် အဖြစ် ပြန်လည် ပို့ဆောင်မည်ဟု ပြောကြားချက် အရ စိစစ်၍ ပြန်လည် လက်ခံရန် စီစဉ်ထားရှိထားကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို နှစ်နိုင်ငံ သဘောတူ အတိအကျ ရေးဆွဲထားပြီး ဖြစ်ကြောင်း ၊ ထို လုပ်ငန်းစဉ် အတိုင်း ပြန်လည် လက်ခံရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပထမ အသုတ် အနေဖြင့် လူဦးရေ ၂ ထောင်ကျော်အား မြန်မာနိုင်ငံသို့ ငါးခူရ ရေလမ်းကြောင်းမှ ပြန်လည် ပို့ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ပြန်လည် လက်ခံရေး စီစဉ် ဆောင်ရွက်ထားမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ပြန်လည် လက်ခံရေး စီစဉ် ဆောင်ရွက်ထားမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

“နိုဝင်ဘာ ၁၅ ရက် ဖြစ်မယ် ။ မဖြစ်မယ် ဆိုတာ တစ်ဘက် နိုင်ငံရဲ့ တုန့်ပြန်မှု အပေါ်မှာ မူတည်တယ်။ကျွန်တော်တို့ဘက်ကတော့ ဘာပဲဖြစ်ဖြစ် အဆင်သင့် ဖြစ်ရမယ် ။ တကယ်လဲ လုပ်ထားပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ယခု အခါတွင် အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ၊ ပြန်လည် လက်ခံရေး ဆောင်ရွက်ရာတွင် တစ်ရက်လျှင် ဦးရေ ၁၅၀ သတ်မှတ် စိစစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ပြန်ရောက် လာသူများအား နေရာ ချထားရေး ၊ သက်မွေးဝမ်းကြောင်း ၊ ကျန်းမာရေး ၊ပညာရေး ၊ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက်လည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတော် အစိုးရ၏ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ အတွက် လက်တွေ့ မြေပြင် အကောင်အထည် ဖော်မှုများ ၊ အသင့် ဖြစ်နေမှု အခြေအနေများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲအား ကျင်းပ ပြုလုပ်ခဲ့ရာတွင် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ရှင်းလင်းခဲ့သည်။(Xinhua)