Connect with us

Politics, Law & Military

မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အစိုးရအဖွဲ့အနေဖြင့် မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကယနေ့ညနေပိုင်းတွင်နေပြည်တော်NRPC ၌ ပြောကြားခဲံ့သည်။

“အတိုင်ပင်ခံဝန်ကြီးဌာနကို စပြီး ထူထောင်စဉ်က ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စဉ်းစားပြီးတော့ ထူထောင်ခဲ့တာပါ၊ ဒါပေမယ့် နိုင်ငံရဲ့ သဘောထားအရ လောကရဲ့ သဘောထားအရ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေလည်း ကြုံရပါတယ်။ တကယ်ကို အလုပ်ကို ပီပြင်အောင် တာဝန် ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ ဌာနများဆိုတာ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေ ပြသနာတွေ ပေါ်လာလို့ရှိရင် ကိုင်တွယ်နိုင်ရပါမယ်” ဟု နေပြည်တော် NRPC တွင် ယနေ့ည ၇ း ၀၀ နာရီ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ထူထောင်ခဲ့ရခြင်း အကြောင်းရင်းတွင်လည်း ဝန်ကြီးဌာန များ၊ အစိုးရ ဌာနများက အဆိုပါ မမျှော်မှန်းထားသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး ဟူသည့် ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း သူမက ပြောခဲ့သည်။ “မျှော်မှန်းထားတဲ့ ပြဿနာတွေ စိန်ခေါ်မှု တွေကိုပဲ ကိုင်တွယ်နိုင်တာဆိုရင် တကယ်တော့ ဒါဟာ ပြီးပြည့်စုံတဲ့ အရည်အချင်း မဟုတ်ဘူးလို့ပဲ ပြောရမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ထမ်းဆောင်မှုတွေနဲ့ ပတ်သက်ရင် အားလုံးကို မျှော်မှန်းထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပဲ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ကိစ္စတွေ ကိုယ်နဲ့ အင်မတန်မှ ဝေးလံတဲ့ နေရာတွေမှာ ဖြစ်တဲ့ ကိစ္စတွေဟာ ကိုယ့်နိုင်ငံအပေါ်မှာ လာပြီး သက်ရောက်မှု တွေ ရှိနိုင်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဝန်ကြီးဌာန ဖြစ်ဖြစ် အစိုးရဌာန တစ်ခုခုပဲဖြစ်ဖြစ် ဖြစ်ပေါ်လာမယ့် ပြသနာကို ကိုင်တွယ်နိုင်ဖို့ဆိုတာ အတိုင်ပင်ခံဖို့ လိုအပ်ပါတယ်။ ဒါကို ကျွန်မတို့ အလေးထားပြီးတော့မှ အတိုင်ပင်ခံ ဝန်ကြီးရုံးကို စတင် ထူထောင်ခဲ့တာပါ” ဟု နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့သည်။ထို့အပြင် ၎င်းက “နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဟာ ပြည်သူ ပြည်သားတွေနဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်ရာမှာ အဓိကကျတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ စိတ်ဓာတ်ကို မပြောင်းလဲ ဘဲနဲ့ဘာကိုမှ ပြောင်းလဲလို့မရပါဘူး။ နိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ် ပြောင်းလဲစေဖို့ဆိုရင် ပထမဦးဆုံး အစိုးရဘက်ကနေ စပြီးတော့ ပြောင်းလဲဖို့လိုတယ်၊ အစိုးရအဖွဲ့ဆိုတာဟာ ပြည်သူ လူထုက ရွေးချယ် တင်မြှောက်တဲ့ ခေါင်းဆောင်တွေ ရှိသလို နိုင်ငံ့ ဝန်ထမ်းတွေလည်း ပါပါတယ်၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူ လူထုက ရွေးချယ် တင်မြှောက်ထားသူတွေ ပူးပေါင်းပြီးတော့မှ အစိုးရဖြစ်လာတာပါ။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဝန်ကြီးတွေချည်းပဲ အစိုးရတာဝန်ကို လုပ်လို့မရပါဘူး။ ဝန်ကြီးတွေရဲ့ ဦးဆောင်မှုနဲ့ ဝန်ထမ်းတွေက အကောင်အထည်ဖော်ရတာပါ၊ ဝန်ထမ်းတစ်ဦးချင်းက ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် ပြည်သူနဲ့ အစိုးရအကြား ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ” ဟုလည်း ပြောခဲ့သည်။ပြည်သူများ၏ အထင်အမြင် အယူအဆများကို လေးစားရမှာ အစိုးရတိုင်း၏ တာဝန်ဖြစ်ကြောင်း ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုခြင်းမှာ အစိုးရကောင်းများ လုပ်သင့်သည့် အလုပ် မဟုတ်ကြောင်း၊ သို့ရာတွင် မှန်ကန်သော ဆန္ဒများဘက်မှသာ အစိုးရက ရဲရဲဝံ့ဝံ့ ရပ်တည်ရမှာ ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

“ပြည်သူ့အစိုးရဆိုတာ သုံးသပ်ဝေဖန်မှုတွေကို မှန်မှန်ကန်ကန် သတ္တိရှိရှိ ဖြေရှင်းပေးရမယ် ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ အစိုးရကို ပြည်သူက ဝေဖန်ခွင့် ရှိပါတယ်။ ပြည်သူက ဝေဖန်ရာမှာလည်း အားလုံးဟာ အပြုသဘောနဲ့ ဝေဖန်ကြတာ မဟုတ်ပါဘူး၊ ဒါကလည်း ဒီမိုကရေစီစနစ်မှာ ရင်ဆိုင်ရမယ့် ကိစ္စဖြစ်ပါတယ်၊ ဝေဖန်မှုတွေကို မှန်မှန်ကန်ကန်ရင်ဆိုင်ဖို့က ပထမဦးဆုံး သုံးသပ်ရမှာက ဒီဝေဖန်ချက်တွေဟာ မှန်လားဆိုတာပါ၊ ဝေဖန်ချက်တွေက မှန်နေရင် ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲရမယ်။

ဝေဖန်ချက်တွေက မမှန်ဘူးဆိုရင် ဒါကို စဉ်းစားနေ စရာ မလိုဘူး၊ အဆိုရှိတဲ့အတိုင်းပဲ အားလုံးကို တခဏလှည့်ဖျားထားလို့ရနိုင်တယ်၊ တချို့ကို ထာဝရ လှည့်ဖျားထားလို့ရနိုင်တယ်၊ အားလုံးကိုတော့ ထာဝရ လှည့်ဖျားထားလို ့ မရနိုင်ဘူး ဆိုတဲ့ အဆိုကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားမယ်ဆိုရင် ပြည်သူပြည်သား အားလုံးဟာ တခဏ မှန်တာလည်း ရှိနိုင်တယ်၊ အချို့ဟာ ထာဝရမှန်တာလည်း ရှိနိုင်တယ်။ အားလုံးဟာ ထာဝရမှန်တာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ လမ်းပြမြေပုံဆောက်တဲ့နေရာမှာ အများအကြိုက်ကိုချည်း လိုက်လို့ မဖြစ်ပါဘူး။ ဒါကြောင့် မှန်သလား မမှန်ဘူးလား ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင် ရမယ်။.သုံးသပ်ပြီးူအပေါ်မှာ ရဲရဲဝံ့ဝံ့ လုပ်နိုင်ရမယ်။ အများက တစ်ခန အတွင်းမှာ လိုချင်တဲ့ ကိစ္စဟာ နိုင်ငံအတွက် ရေရှည် မကောင်းဘူးဆိုရင် ကျွန်မတို့အနေနဲ့ မလုပ်သင့်ဘူးဆိုတဲ့ဘက်က ရပ်တည်ရ မယ်။ အများက တခဏကာလတိုလေးအတွင်းမှာ တိုက်တွန်းနေလို့ လုပ်တာမျိုး မဖြစ်သင့်ဘူး။ မှန်မှန်ကန်ကန်နဲ့ပြည်သူနဲ့လက်တွဲပြီး လုပ်သွားဖို့ဆိုတာက အစိုးရအဖွဲ့က စံပြဖြစ်ဖို့လိုတယ်။ အစိုးရအဖွဲ့ထဲပါတဲ့ သူတွေကလည်း အားလုံးက ခြောက်ပြစ်ကင်း သဲလဲစင် မရှိနိုင်ပါဘူး။ အားလုံးမှာ အားနည်းချက်တွေ အားသာချက်တွေ ရှိပါတယ်။ နိုင်ငံ့ အကျိုးအတွက် ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေ အားလုံး ထုတ်ပြီး သုံးနိုင်ဖို့ ကျွန်မတို့လေ့ကျင့်ရမှာဖြစ်ပါတယ်” ဟုလည်း လမ်းညွှန်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ထမ်းများနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့် အမှာ စကား ပြောကြားအပြီးတွင် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက အမှာစကား ဆက်လက် ပြောကြားခဲ့ကာ ဝန်ထမ်းများ၏ ပညာရည်ထူးချွန်သော ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.