Connect with us

Politics, Law & Military

မြန်မာနိုင်ငံက နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆွေးနွေး ပြောကြားမှုအား တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ ပဉ္စမအကြိမ် အစည်းအဝေး ကို ကုလသမဂ္ဂဌာနချုပ်၊ Trusteeship Council အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအမံများ ဘာသာရပ်နှင့် ပတ်သက်၍ ဝင်ရောက်ဆွေးနွေး ပြောကြားရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အကြမ်းဖက်သမားများ၊ အစွန်းရောက် စစ်သွေးကြွများကို နိုင်ငံရေးအရဖြစ်စေ၊ သံတမန်ရေးအရ ဖြစ်စေ၊ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာ ဖြစ်စေ အားပေးကူညီခြင်းကို မိမိတို့ ရှုတ်ချပါကြောင်း၊ အာဆာအကြမ်းဖက် အဖွဲ့အား စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှုပေးခြင်း အပါအဝင် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ထောက်ခံခြင်းကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အကြမ်းဖက် လှုပ်ရှားမှုကို ထောက်ခံမှုမှန်သမျှ လက်မခံနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းမှာ ၂၀၁၆ခုနှစ် နှင့် ၂၀၁၇ ခုနှစ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အာဆာအဖွဲ့သည် မြန်မာနိုင်ငံပြင်ပတွင် အခြေချပြီး ဒေသခံမူဆလင်များကို စည်းရုံးခြင်း၊ စစ်ရေးသင်တန်းများ ပို့ချခြင်းတို့ကို အင်တာနက် ဆက်သွယ်မှုများကတစ်ဆင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အတူ အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း WhatsApp audio message ကဲ့သို့ အင်တာနက် ဆက်သွယ်မှုများကတစ်ဆင့် စီစဉ်ညွှန်ကြားလျက် ရှိကြောင်း၊ သို့ဖြစ်ရာ အာဆာအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှာ လွန်စွာအရေးကြီးကြောင်း ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အာဆာအကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များဖြစ်သည့် Al-Qaeda ၊ ISIL နှင့် Tehrik-e-Taliban Pakistan (TTP) တို့၏ ကူညီပံ့ပိုးမှုများ ရရှိနေကြောင်း၊ မကြာသေးမီက နိုင်ငံခြားသား အကြမ်းဖက်သမားများက အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်၍ အာဆာအဖွဲ့အား ပူးပေါင်းကူညီရန် ကြိုးစားခဲ့သည့် သာဓကရှိကြောင်း၊ISIL နှင့် ဆက်နွယ်မှုရှိသည့် အာဆာအကြမ်းဖက်သမားများကို မလေးရှားအာဏာပိုင်များက ယခုနှစ် မေလနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့ခြင်းသည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် အာဆာအဖွဲ့၏ ဆက်နွယ်မှုအပေါ် ငြင်း၍ မရနိုင်သည့် သက်သေဖြစ်ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးတို့အတွက် အဓိကအဟန့်အတားမှာ အာဆာအဖွဲ့၏ အကြမ်းဖက်အန္တရာယ်ပင် ဖြစ်ကြောင်း၊ အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်သူများ နေရပ်ပြန်ရေးကိုလည်း အတားအဆီး ဖြစ်စေကြောင်း ၎င်းက ထည့်သွင်း ဆွေးနွေးပြောကြားခဲ့သည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.