Connect with us

Politics, Law & Military

မြဝတီမြို့နယ်ရှိ ရွှေကုက္ကို အဆင့်မြင့်အိမ်ယာကို ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ဖြင့် မတည် ဆောင်ရွက် နေဟု ဆို

ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမသို့ လွှတ်တော် ဥက္ကဌကြွရောက်လာစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် အပြင်ကွင်း ပူလွဲပူကျေးရွာရှိ မြေဧရိယာ ၂၅ ဒသမ ၅ ဧကတွင် အဆင့်မြင့် လူနေအိမ်ယာများ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် Myanmar Yatai International Holding Group Co., Ltd. အား လုပ်ကိုင် ခွင့် ပြုခဲ့ရာ အဆိုပါ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရတ်ဆင်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ယင်းလုပ်ငန်းတွင် အစုရှယ်ယာဝင်များအနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ Mr. Tang Kriang Kai က ၆၇ ဒသမ ၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jie က ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄ ဒသမ ၀၄ ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ထားကြပါတယ်၊ ကုမ္ပဏီရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု သက်တမ်းကာလမှာ နှစ်ပေါင်း ၃၀ ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ဖြေ ကြားခဲ့သည်။

ကရင် ပြည်နယ် မြဝတီမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၏ အမေးကို ၎င်းက ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ အနေဖြင့် မတည် ရင်းနှီး ငွေပမာဏ ကျပ် ၃, ၅၉၇ သန်းနှင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၀၈ သန်းတို့ကို ထည့်ဝင်ထားပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလမှာ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့အထိ စုစုပေါင်း ၃၆ လ(သုံးနှစ်) ဖြစ်ကြောင်း၊ Myanmar Yatai International Holding Group Co., Ltd. အနေဖြင့်လုပ်ပိုင်ခွင့် ရရှိထားသည့် မြေဧရိယာ ၆၂ ဧကအနက် မြေ ၂၅ ဒသမ ၅ ဧကပေါ်တွင် အဆင့်မြင့် လူနေအိမ်ယာများ ဆောက်လုပ်မည့် စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) သို့ တင်ပြနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီး အဆိုပါ ကုမ္ပဏီက စီမံကိန်း အဆိုပြုလွှာကို MIC သို့ တင်ပြခဲ့ကြောင်း၊ ကော်မရှင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်း ဥပဒေတို့နှင့်အညီ စိစစ်သကဲ့သို့ ကရင်ပြည် နယ် အစိုးရအဖွဲ့၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တို့ထံ သဘောထား မှတ်ချက်များ တောင်းခံ ရယူခဲ့ပြီး ၂၀၁၈ ဇူလိုင် ၃၀ ရက်နေ့တွင် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း၊ စီမံကိန်း ဆောင်ရွက်မှု အခြေအနေကို စိစစ်နိုင်ရန် ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကွင်းဆင်း စိစစ်ရေး အဖွဲ့ စေလွှတ်ခဲ့ရာ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းအား စတင် တည်ဆောက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စိစစ်တွေ့ရှိချက်များအပေါ် မူတည်ပြီး ကုမ္ပဏီက အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းသည့် ပစ္စည်း များနှင့် ပတ်သက်၍ အသေးစိတ် စာရင်း ထားရှိရန်၊ လုပ်ငန်း လုပ်ဆောင်မှု များကို သုံးလပတ် အစီရင်ခံစာ၊ နှစ်စဉ် အစီရင်ခံစာများဖြင့် တင်ပြရန်၊ လုပ်ငန်း ဆောင်ရွက်မှုများအား တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြား ခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရွှေကုက္ကို အိမ်ယာစီမံကိန်းသို့ ၂၀၁၉ သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ရာ ကုမ္ပဏီသည် MIC က ခွင့်ပြုထားသော မြေဧရိယာ ၂၅ ဒသမ ၅ ဧက ပေါ် တွင် လုပ်ကိုင်သည်ကို တွေ့ခဲ့ရကြောင်း၊ အဆိုပါ ရွှေကုက္ကို အိမ်ယာ စီမံကိန်းသည် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ စိစစ် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ အနေဖြင့် ဥပဒေပါ တာဝန်ဝတ္တရားများအပြင် လိုက်နာရမည့် စည်းကမ်းချက်များကို ပျက်ကွက် ချိုးဖောက်ပါက ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.