Connect with us

Politics, Law & Military

မှုခင်း ကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်မည်

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

အစိုးရသစ်၏ တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံ တည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့် အယှက် ဖြစ်နေသည့် မှုခင်းများကို လျော့ပါး ကျဆင်းစေရန် ပြည်သူ့ရဲအင်အားကို တိုးမြှင့် အားဖြည့်သွား မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ဖြေကြားခဲ့သည်။

“မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့အင်အား ထပ်ဖြည့်ရမယ်လို့လွှတ်တော် ကိုယ်စားလှယ်တွေ ထောက်ပြတာ မှန်ပါတယ်။ ၂၀၁၂ ခုနှစ်မတိုင်မီက ပြည်သူ့ရဲတပ်ဖွဲ့ဝင် ဦးရေက ဖွဲ့စည်းပုံအရ ၁၂၁၆၁၃ ဦး ရှိခဲ့ပါတယ်။ အခု ၂၀၁၆ မတ်လ ၁၀ ရက်နေ့မှာတော့ ဖွဲ့စည်းပုံအသစ်အရ ၁၆၆၄၀၄ ဦးထိ ပြင်ဆင် တိုးမြှင့်ပြီး ဖြစ်ပါတယ်။ လက်ရှိ အင်အားက ၇၆၉၆၄ ဦး၊ ဖွဲ့စည်းပုံရဲ့ ရာခိုင်နှုန်းအားဖြင့် ၄၆.၂၅ ရာခိုင်နှုန်းပဲ ရှိသေးလို့ရဲအင်အား ထပ်ဖြည့်တင်းရေးကို အလေးအနက်ထား ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။
ပန်းတောင်းမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၏ “အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံ တည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေသောကြောင့် မှုခင်းကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးတို့က သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက် (ယနေ့)တို့တွင် ထောက်ခံ ဆွေးနွေးခဲ့ကြအပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ သဘောထားကို လွှတ်တော်သို့ ပြောကြားသည့်အခါ ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ယခုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့အင်အားနှင့် နိုင်ငံသားများ အချိုးသည် နိုင်ငံတကာစံနှုန်းအရ တစ် အချိုး လေးရာ (၁ း ၄၀၀ ဦး) ရှိပြီး မြန်မာနိုင်ငံတွင်မူ လက်ရှိ ဖွဲ့စည်းပုံအရ ၁ း ၁၁၉၁ ဦး ရှိကြောင်းလည်း ဗိုလ်ချုပ် အောင်စိုးက လွှတ်တော်သို့ ရှင်းပြသည်။
တိုင်းဒေသကြီး ပြည်နယ် အလိုက် မှုခင်းဖြစ်ပွားမှုကို လေ့လာ သုံးသပ်ရာတွင် ၂၀၁၅ တွင် ရန်ကုန်တိုင်းဒေသကြီးသည် ၃၄၅ မှုဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးသည် ၂၉၆ မှုဖြင့် ဒုတိယ အများဆုံးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးသည် ၂၂၆ မှုဖြင့် တတိယ အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ ၂၀၁၆ မေလ အထိလည်း အဆိုပါ ဒေသများတွင် မှုခင်း ဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုတိုင်းဒေသကြီးများသည် လူဦးရေ ထူထပ်သိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင်အင်အားက နည်းပါးနေသောကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်းလည်း ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ရှင်းပြသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ် မေလ မှ စပြီး သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများသို့ရဲတပ်ဖွဲ့ဝင်များ စေလွှတ် အင်အား ဖြည့်တင်းလျက်ရှိကြောင်းနှင့် တပ်ဖွဲ့ဝင် အသစ်များကိုလည်း ခန့်ထားနိုင်ရန် လိုအပ်သည့် အရည်အချင်း ပြည့်မီသူများကို လူတွေ့စစ်ဆေးမှုများ ပြုလုပ်နေပါကြောင်း ဗိုလ်ချုပ် အောင်စိုးက ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက နှစ်ရက်တိုင် ဆွေးနွေးခဲ့ကြသော မှုခင်းကျဆင်းရေးနှင့်ပတ်သက်ပြီး ၎င်းက “မှုခင်း ကြိုတင်ကာကွယ်မှုတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ ၂၀၀၅၂ မှု ကြိုတင် ဖမ်းဆီးနိုင်ခဲ့ရာက ၂၀၁၅ မှာ ၈၂၆၆၃ မှု၊ ၂၀၁၆ မှာ သြဂုတ်လ ၁၅ ရက်နေ့အထိ ၅၆၄၉၂ မှုအထိ ကြိုတင် ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟုလည်း ရှင်းပြခဲ့သည်။
“မှုခင်းကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း” အဆိုကိုမူ လွှတ်တော်က မှတ်တမ်းတင်ထားသင့်ပါကြောင်း ၎င်းက ပြောကြားခဲ့ပြီး မူလ အဆိုရှင် ပန်းတောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကလည်း သဘောတူသဖြင့် ပြည်သူ့လွှတ်တော်က ထို အဆိုကို ယနေ့ မှတ်တမ်းတင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.