Connect with us

Politics, Law & Military

မ.ဘ.သ အဖွဲ့ အနေဖြင့် ရွေးကောက်ပွဲအတွက် ပါတီများကို ကူညီမဲဆွယ်ပေးခြင်းမရှိဟု မ.ဘ.သ ဥက္ကဌ မိန့်ကြား


ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) သည် လာမည့် ရွေးကောက်ပွဲ အတွက် မည်သည့် ပါတီကိုမှ ကူညီ မဲဆွယ် ပေးခြင်းမရှိကြောင်း မန္တလေးမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မန္တလေးတိုင်း ဥက္ကဌ ဆရာတော်က မိန့်ကြားသည်။

“ဘယ်ပါတီကို မှ မ.ဘ.သ က ကူညီပေးတာ မရှိဘူး၊ မဲဆွယ်ပေးတာ မရှိဘူး၊ တစ်ဦးတစ်ယောက် လုပ်နေတာတွေကလဲ မ.ဘ.သ အဖွဲ့ အစည်းဆုံးဖြတ်ချက် မဟုတ်ဘူး”ဟု ဆရာတော်က မိန့်သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မှ ကျင်းပသော အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ခြင်း ကြိုဆို ဂုဏ်ပြုပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မှ ကျင်းပသော အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ခြင်း ကြိုဆို ဂုဏ်ပြုပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မှ ပါတီများအတွက် ကူညီမဲဆွယ်မှုများ ပြုလုပ်လျှင် အဖွဲ့အစည်း ကို တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက် မိန့်ကြားသည်။

လက်ရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ကို နိုင်ငံရေးတွင် ဝင်ရောက် လုပ်ကိုင်သည်ဟု မေးခွန်းထုတ်မှုများ ရှိကြောင်း ယင်း မေးခွန်းများသည် နယ်ကျွံမှုများကြောင့် ဖြစ်ကြောင်း သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏီဿရ က မိန့်ကြားသည်။

သံဃာတော်များသည် နိုင်ငံရေးထဲ ပါဝင်လုပ်ကိုင် ရမည်ဟု မလျှောက်တင်သော်လည်း ကိုယ့် နယ်မြေထဲနေပြီး စောင့်ကြည့်ကြရန် သီတဂူဆရာတော် က မိန့်သည်။

အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ခြင်း အတွက် ကြိုဆို ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံ ၁ တွင် ယနေ့ (အောက်တိုဘာ ၄ ရက်) မွန်းလွဲမှစ၍ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန် အခြေစိုက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ၊ မြန်မာနိုင်ငံ အနှံ့ရှိ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့များ၊ နိုင်ငံတကာ သံတမန် အဖွဲ့အစည်းများ၊ ဆွမ်းလောင်းအသင်းများ နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းစသည့် အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
(Xinhua)