Connect with us

Politics, Law & Military

NCA စာချုပ်သည် အပြန်အလှန် ယုံကြည်မှုကို အခြေခံထားသည့် သဘော တူညီချက် ဖြစ်ရန် အဓိကကျ ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဆိုင်ရာ ဟောပြောချက်များအား ရုပ်မြင်သံကြားမှ ဟောပြောနေစဉ် (ဓာတ်ပုံ-MNA)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) သည် အပြန်အလှန် နားလည်မှုနှင့် လေးစား ယုံကြည်မှုကို အခြေခံထားပြီး တည်တံ့ ခိုင်မြဲသည့် သဘောတူညီချက် ဖြစ်ရန် အဓိက ကျကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ရွေးကောက်ပွဲ ဆိုင်ရာ ဟောပြောချက်တွင် ထည့်သွင်း ပြောကြားသွားသည်။

အပစ်အခတ် ရပ်စဲရေးစာချုပ် အောင်မြင်စွာ လက်မှတ် ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထွက်ပေါ်လာမည့် အစိုးရသစ်က ဆက်လက် တာဝန်ယူရမည် ဖြစ်ပြီး ပြည်သူများ လိုလား ထောက်ခံလျှင် အဆိုပါ တာဝန်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ထမ်းဆောင်ရန် အသင့် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်တွင်းစစ် ရပ်စဲစေရန် အတွက် အဆင့် (၃) ဆင့်နှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပထမ အဆင့်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး၊ ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပပြီး ညှိနှိုင်း အဖြရှာရေးနှင့် တတိယ အဆင့်တွင် ပင်လုံ၏ အခြေခံမူ ဖြစ်သော တိုင်းရင်းသား တန်းတူညီမျှမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အာမခံ ရရေးများ ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အချိန် ကြာမြင့်နိုင်ပြီး နိုင်ငံ၏ အနာဂတ် တစ်ခုလုံးအတွက် ရည်ရွယ်သော သဘော တူညီမှုများကို အဆောတလျင် မရယူဘဲ အသေအချာ တိုင်ပင် အဖြေရှာခြင်းသည် မှန်ကန်သော လုပ်ရပ် ဖြစ်ကြောင်း၊ အကန့်အသတ်မရှိ အချိန်ဆွဲနိုင်သော အနေအထား မဖြစ်ရန် အလွန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဟောပြောချက်တွင် ထည့်သွင်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရန် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ပြင်ဆင် ပြောင်းလဲရေးများနှင့် ပတ်သက်ပြီး တပ်မတော်နှင့် အဖွဲ့ချုပ် အမြင်မတူသော်လည်း ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု၏ အနာဂတ် တည်ငြိမ် တောက်ပရေးကို လိုလားသည့် နေရာတွင် လုံးဝ ကွဲပြားမှု မရှိကြောင်းကို ယုံကြည်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117