Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ ဖုန်းဖြင့် ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ တေယစ် အာဒိုဂန် စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ တယ်လီဖုန်းခေါ်ဆိုရခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှုအများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲများ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်တစ်ဦးအနေဖြင့် ရခိုင်အရေးကိစ္စကိုအမြော်အမြင်ဖြင့် ချဉ်းကပ် ဆောင်ရွက်မည် ဟုယုံကြည်ကြောင်း၊ ကမ္ဘာတစ်ဝှန်းတွင် လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်များနှင့်ပတ်သက်၍ စဉ်းစားသုံးသပ် ဆောင်ရွက်မည်ကို သံသယမရှိပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ လူအများ ဖြန့်ဝေနေသောရုပ်ပုံများကြောင့် ကမ္ဘာတစ်ဝှန်းမှစိုးရိမ်ပူပန်မှု ကြီးစွာဖြစ်လာခဲ့ကြောင်း တူရကီသမ္မတ တေယစ် အာဒိုဂန်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ပြီး နိုင်ငံရေးဆိုင်ရာ အခွင့်အရေးသာမကလူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအခွင့်အရေးများကိုလည်း မြှင့်တင်လျက် ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သတင်းအချက်အလက်အမှားများ ဖန်တီးခြင်းကြောင့် မိမိတို့နှစ်နိုင်ငံအကြားကာလ ရှည်ကြာရင်းနှီးချစ်ကြည်သော မိတ်ဆွေကောင်းဆက်ဆံရေး ထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းကို အမြဲထိန်းသိမ်းထားလိုသော မြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီးကတင်ပြပြီး ဖြစ်မည် ဟုယူဆပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကိုရင်ဆိုင်ရ သည်မှာအတွေ့အကြုံအသစ် ဖြစ်သော်လည်း ယင်းအကြမ်းဖက်ဝါဒပိုမိုကျယ်ပြန့်မလာစေရန်နှင့် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးသို့ ပြန့်နှံ့မသွားနိုင်စေရန် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံ၌ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာ တစ်ဝှန်းမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းနေထိုင်သူအားလုံးဘေးကင်းလုံခြုံစိတ်အေးချမ်းသာစေရန် လိုအပ်သည့်ကာကွယ်မှု အားလုံးခံစားပိုင်ခွင့် ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်မည့် အကောင်အထည် ဖော်ရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသညါ။

တူရကီသမ္မတမစ္စတာအာဒိုဂန်က မြန်မာအစိုးရတွေ့ကြုံရင်ဆိုင်နေရသည့် အခက် အခဲများနှင့် စိန်ခေါ်မှုများကိုသိရှိပါကြောင်း၊ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကူညီပံ့ပိုးရန် တူရကီနိုင်ငံအနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းကိုဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.