Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းစ ပြုလာလျှင် ပြသနာအသစ်တစ်ခုထပ်မံဖြစ်ပေါ်လာမှုကို သတိရှိရှိဆောင်ရွက်ရန် လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အခြေအနေများကိုလေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ် ပြဿသနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဒေါ်အာင်ဆန်းစုကြည်က ယနေ့ပြောကြားသည်။

အဆိုပါ ပြဿသနာများ ဖြစ်ပေါ်လာလျှင် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွားရမည်သာ ဖြစ်ကြောင်း၊ စွပ်စွဲပြောကြားမှုများကို လက်တွေ့ လုပ်ဆောင်ချက်များကို အခြေခံသည့် အမှန်တရားဖြင့် တုံ့ပြန်သွားရန် ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသအရေးကိစ္စ ရှေ့တန်းရောက်ပြီး မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလောဦးစားပေး ဆောင်ရွက်လျက် ရှိသော်လည်း ရခိုင်ပြည်နယ် တစ်ခုလုံးအရေးကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၇)ကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။အဆိုပါအစည်းအဝေးသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)