Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး တည်ဆောက်ထားပြီးဖြစ်၊ ရှေ့နှစ်တွင် ဆက်လက် ဆောက်လုပ်မည်ဟု ဆို

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကျင်းပနေစဉ်။(Hluttaw Channel)

နေပြည်တော်၊ မေ ၂၅ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ ပင်လယ်နှင့် နီးပြီး အနိမ့်ပိုင်းရှိ ရပ်ကွက် ကျေးရွာများတွင် ဒေသခံပြည်သူများ မုန်တိုင်း ရန်မှ ရှောင်တိမ်း ခိုလှုံနိုင်ရန် Cyclone  Shelter ၅၇ လုံးကို တည်ဆောက်ပေးထား ကြောင်းနှင့် လိုအပ်သော နေရာများတွင် လာမည့် ဘဏ္ဍာနှစ်၌ ဆက်လက် တည်ဆောက်ပေး မည် ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့ သည်။ 

“ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူ ကယ် ပြန် ဝန်ကြီးဌာန နှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တို့ရဲ့ ဘတ်ဂျက်နဲ့ လှူဒါန်းမှုများဖြင့် Shelter စုစုပေါင်း ၁၆ လုံးကို တည်ဆောက်ပေးခဲ့ပါတယ်၊ ဒါ့အပြင် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသား သဘာဝဘေး ကော် မတီ ရန်ပုံငွေမှ ငွေကျပ် ၈၀၈၆ ဒသမ ၆၃၆ သန်းဖြင့် Shelter စုစုပေါင်း ၄၁ လုံးကို တည်ဆောက် ပေးခဲ့ပြီးဖြစ်ရာ ယနေ့အချိန်အထိ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာ ၅၇ ရွာ တွင် Shelter ၅၇ လုံးကို တည်ဆောင်ပေးနိုင်ခဲ့ပါတယ်”ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

အဆိုပါ shelter ၅၇ လုံး အနက် မန်အောင်မြို့နယ်အတွင်း ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ကုန်းတန်းရွာ တောင်ပိုင်းနှင့် ဇီးတောကျေးရွာ တို့၌လည်းကောင်း၊ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အတွင်း မြို့မ ရပ်ကွက်၊ ဘုံကျောင်းကျေးရွာ၊ ပန်းဖဲကျေးရွာ၊ စသည့် ကျေးရွာ ဆယ်ရွာတွင် shelter ၁၀ လုံးတို့ကို အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၂၁၈၆ ဒသမ ၈၄ သန်း အကုန်အကျခံ တည်ဆောက်ပေး ခဲ့ကြောင်း၊ မန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် Cyclone shelter များ ထပ်မံ လိုအပ်ပါက အဆိုပါ ကျေးရွာများ၏ လူဦးရေ၊ တည်ဆောက်ပြီး shelter များနှင့် အကွာအဝေး၊ တည်ဆောက်ရန် လျာထားသည့် shelter များသို့သွားရာ လမ်းကြောင်း အခြေအနေ၊ မြေနေရာ အစီအစဉ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေတို့ အပေါ် မူတည်ပြီး ထည့်သွင်း တွက်ချက်ကာ မန်အောင်မြို့နယ် အတွင်းရှိ ကျန်ရှိနေသော ကျေးရွာ ရပ်ကွက် ၁၁ နေရာအတွက် Cyclone shelter လိုအပ်မှု အခြေအနေကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ညှိနှိုင်းပြီး အမျိုးသား သဘာဘေး စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအလိုက် လာမည့် ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက် ဖြေကြားခဲ့သည်။ 

ရခိုင်ပြည်နယ် မန်အောင် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု(ခ) တင်နု အောင်က “၁၉၃၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင် မန်အောင်ကျွန်း၌ တစ်နာရီ မိုင် ၁၃၀ ကျော်သည့် လေမုန်တိုင်း တိုက်ခတ် ခဲ့သဖြင့် ကျေးရွာ များစွာ ပျက်စီးခဲပြီး လူဦးရေ ၁၄၄ ယောက် သေဆုံးခဲ့ ကြောင်း၊ ယခုကဲ့သို့ လူသတ်မုန်တိုင်းကြီးများသည် အနှစ်တစ်ရာမှာ တစ်ကြိမ်စီ တိုက်ခတ်လေ့ရှိ သည်ဟု သိရကြောင်း၊ ယခု အနှစ် တစ်ရာ ပြည့်ခါနီးသောကြောင့် ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်ထားဖို့ လိုအပ်နေ ကြောင်း၊ သေချာပေါက် မုန်တိုင်းများ ကျရောက်နေခြင်း ကြောင့်လည်း မန်အောင် မြို့နယ်ရှိ ပင်လယ်ကမ်းခြေ၌ ကျန်ရှိနေသော ကျေးရွာ ၁၁ ရွာတို့တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံကြီးများ တည်ဆောက် ပေးရေး” နှင့် ပတ်သက်သည့် မေးခွန်းအပေါ် လူမှု ဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သည် နှစ်စဉ် မုန်တိုင်းဒဏ်ခံစားနေရသဖြင့် မုန်တိုင်း အန္တရာယ် ကျရောက်လာပါက ပြည်သူများ အသက်ဘေးမှ ရှောင်တိမ်း ခိုလှုံနိုင်ရေးအတွက်  မုန်တိုင်း ဒဏ်ခံ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အသက်ကယ် ကုန်းမြင့်များကို ခေတ် အဆက်ဆက်က ဆောင်ရွက်ပေးခဲ့ရာ ဒေသ လိုအပ်ချက်များအပေါ် မူတည်ပြီး အမျိးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေ၊ ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့တို့၏ ဘဏ္ဍာ ရန်ပုံငွေ၊ ပြည်တွင်း ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် Cyclone shelter များကို နှစ်စဉ် တိုးချဲ့ တည်ဆောက်ပေးလျက် ရှိကြောင်း လည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)