Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အာဆီယံ ပိုမိုပူးပေါင်း ဆောင်ရွက်မည်

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအစည်းအဝေးကျင်းပစဉ်(လူကယ်ပြန်)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

အာဆီယံသည် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက်ပါ အကြံပြုချက်များအား ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုကိုလည်း ပြန်လည်လက်ခံရေး စတင်သည့်အချိန်တွင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN Emergency Response and Assessment Team (ASEAN-ERAT))သည် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အစီရင်ခံစာ ပြုစုခဲ့ကြောင်း၊ အဆိုပါ အစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိ မြေပြင်တွင် အမှန်တကယ် ဖြစ်တည် တွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြန်လည်လက်ခံရေးဆောင်ရွက်ရန် အစီအစဉ်များကို အစိုးရက စနစ်တကျဆောင်ရွက်ထားရှိသည်ကို တွေ့ရှိရကြောင်း၊ အစီရင်ခံစာအား ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တင်ပြရန် စီစဉ်ထားရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင် ကျောက်ဟွိုင်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ASEAN-ERAT အဖွဲ့မှ ဆောင်ရွက်ခဲ့သော ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာ တွေ့ရှိချက်ပါ အကြံပြုချက်များအား အကောင်အထည်ဖော်နိုင်ရေးအစီအစဉ်၊ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုအား ဆက်လက်ဆောင်ရွက်ရန် လျာထားမှု အစီအစဉ်နှင့် ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.