Connect with us

Politics, Law & Military

ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ လာဘ်ငွေပေးသူနှင့် လာဘ်ငွေယူသူ ၄ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမှတ်တံဆိပ်အားတွေ့ရစဉ်( ဓာတ်ပုံ-အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် )

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အငြင်းပွားမှု အပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ လာဘ်ငွေပေးသူနှင့် လာဘ်ငွေယူသူ ၄ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ အမှုတွင် ပန်းဘဲတန်းမြို့နယ်မှ ဥပဒေ အရာရှိ၊ တရားရုံး၊ ရဲစခန်းမှူးနှင့် တာဝန်ရှိသူတို့က ဦးဉာဏ်ထွန်းထွန်း ခေါင်းဆောင်သည့်အဖွဲ့ထံမှ လာဘ်ငွေများ တောင်းခံရယူခဲ့ခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားလာကြောင်း သိရသည်။

ယင်း တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ဇော်မိုး (ယခု ဦးစီး(၅)၊ စီမံ/အုပ်ချုပ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်) သည် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှုနှင့်စပ်လျဉ်း၍ ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာတွင် ဦးမြင့်ဦးထံမှ ငွေကျပ်(၆)သိန်းအား လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (ယခု မြောင်းမြခရိုင် ဥပဒေအရာရှိ)သည် ပန်းဘဲတန်းမြို့မရဲစခန်း၏ (ပ)၁၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နှင့် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှု နှစ်မှုကို အကြံပေးပြင်ဆင်လိုသည့်ကိစ္စနှင့်ပတ်သက်၍ စုစုပေါင်း ငွေကျပ်(၅၇)သိန်းကို (၇)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရလည်းကောင်း အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့သည် ဒုတိယရဲမှူး အောင်ဇော်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့အား ငွေကြေးပေးခြင်း၊ စီမံ ခန့်ခွဲမှုပြုခြင်းတို့ဖြင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းတို့(၂)ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ အရရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မရဲစခန်းနှင့် သက်ဆိုင်ရာ ရဲစခန်းများတွင် ဇွန် ၁၈ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.