Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ်များကို ပြည်သူများ သဘောထားကြီးစွာ လက်ခံရန် အရေးကြီးဟု သမ္မတ တိုက်တွန်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူများ၏ ဆန္ဒမှန်အဖြစ် သဘော ထားကြီးစွာ လက်ခံနိုင်ကြရန် အရေးကြီးကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ရေဒီယိုမိန့်ခွန်းတွင် တိုက်တွန်း ပြောကြားသည်။

ပြည်သူများ အနေဖြင့်လည်း ဤရွေးကောက်ပွဲများ ၏ အရေးပါမှုကို သိရှိ နားလည်ပြီး မိမိတို့မဲပေးရွေးချယ်မည့် ကိုယ်စားလှယ် လောင်းများ ၏ အရည်အချင်း၊ အရည်အသွေး၊ အကျင့်စာရိတ္တ၊ စိတ်ရင်းစေတနာ နှင့် ရည်မှန်းချက် များကို လက်တွေ့ကျကျ စဉ်းစားချင့်ချိန်ပြီး ဆန္ဒမဲ ပေးကြပါရန်လည်း နိုင်ငံတော် သမ္မတက တိုက်တွန်း ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်း မှားယွင်း နေခြင်း များကို ပြုပြင်နိုင်နှင့် ပြည်သူများ မဲပေးခွင့် မဆုံးရှုံးရအောင် ကြိုးပမ်း ဆောင်ရွက်နေပြီး ပြည်သူများ ဆန္ဒမဲပေး ပိုင်ခွင့် မဆုံးရှုံးရအောင် မဲဆန္ဒရှင်ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ အစည်းများ ပူးပေါင်းဆောင် ရွက်နိုင်မည်ကို ယုံကြည်ကြောင်း သမ္မတက ဆိုသည်။

မဲစာရင်း ကိစ္စအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံ အားနည်းမှုစသော စိန်ခေါ်မှုများ ရှိနေသည့် တိုင်အောင် ရွေးကောက်ပွဲများသည် ပြည်သူ့ဆန္ဒကို အခိုင်အမာ ထင်ဟပ်မည့် ရွေးကောက်ပွဲများ ဖြစ်မည်ကို ယုံကြည်ကြောင်း ၎င်းကပြောကြားသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)