Connect with us

Politics, Law & Military

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း နှစ်ရက်အတွင်း ကျပ်သိန်းပေါင်း ၁၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုအားတွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

 

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မူဆယ်မြို့နှင့် တာချီလိတ်၊ ရခိုင်ပြည်နယ် မောင်တောမြို့တို့တွင် မေ ၁၆ ရက်နှင့် မေ ၁၇ ရက်နှစ်ရက်အတွင်း ကျပ်သိန်းပေါင်း ၁၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် သတင်းအရ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)အုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ  နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ ကားဂိုထောင်အတွင်းမှ AK-47   ၁ လက်၊ ၎င်းကျည် အိမ် ၉ ခု၊ ၎င်းကျည် ၅၇ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၄၈ တောင့်၊ Lugar   ၉ မမကျည်   ၂၈ တောင့်၊ WY  စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြား၊ အိုက်စ် ၁ ကီလိုဂရမ်ခန့်၊ (စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁,၃၃၀ ခန့်) အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် မူဆယ်မြို့နယ်အတွင်း ရထိုက်လမ်းဆုံနေရာ၌ လူ၂ဦးပါသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ် သယ်ဆောင်လာသည့် အဝါရောင်ပီနံအိတ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား  ၁၂၀,၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၄၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူအား စစ်ဆေးရာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ နယ်မြေ(၁၆)ရှိ  မူးယစ်ဆေးဝါးများ ပို့ခိုင်းသူနေအိမ်အား သိရပြီး ထပ်မံကွင်းဆက်တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း၊ယင်း ကွင်းဆက်တရားခံအား ထပ်မံ စစ်ဆေးရာတွင်  အခြားနေအိမ်တို့ ပို့ဆောင်ထားသော စက္ကူဂျပ်ဖာဖြင့် ထည့်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြား၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၆၀၀ ခန့်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေလ ၁၆ ရက်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၃)မိုင် စစ်ဆေးဂိတ်၌ ယာဉ် ဝင်၊ ထွက်မှုများအား  စစ်ဆေးစဉ် မောင်းနှင်လာသော ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းပေါ်တွင် မိုးကာဖြင့် အုပ်ထားသည့် မသင်္ကာဖွယ်ရာ ဆာလာအိတ် ၃ အိတ်အား စစ်ဆေးတွေ့ရှိခဲ့ပြီး အိတ်များအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၄၈၇,၅၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၉၇၅၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)