Connect with us

Politics, Law & Military

လာမည့်နှစ် နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမည်

၂၀၁၈ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

လာမည့် ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၁၈ ခုနှစ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းအား ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကြီး မကောက်မီ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလမှာရှိသည့် မြန်မာနိုင်ငံ၏ လူဦးရေ ၊ လူမှု စီးပွားရေး ဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်း နိုင်ရန်နှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲလာမှုများကို နှိုင်းယှဉ် လေ့လာနိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် သန်းခေါင်စာရင်းသည် နေရာအားလုံးကိုကောက်ယူမည်မဟုတ်ဘဲ နမူနာရွေး၍ကောက်ယူသွားမည် ဖြစ်သဖြင့် လုပ်ငန်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ e-Government စနစ်အတွက် အခြေခံအကျဆုံးသော လုပ်ငန်းဖြစ်သည့် eID စနစ် အကောင်အထည်ဖော်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိ ရာ ယင်းလုပ်ငန်းသည် လူတစ်ဦးချင်းစီအား Biometric Data ရယူပြီး Unique နံပါတ်တစ်ခုစီ ပေးမည့်အစီအစဉ်ဖြစ်ကြောင်း၊ ရရှိသည့် UID ကိုအသုံးပြုပြီး မှတ်ပုံတင် Smart Card အပါအဝင် အခြားသောဌာနများ၏ဝန်ဆောင်မှုများကို ဆက်လက်ရယူ ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ယင်းလုပ်ငန်းသည် ငွေကုန်ကြေးကျများပြီး ကြီးမားကျယ်ပြန့်သည့်အတွက် အဖက်ဖက်က လေ့လာသုံးသပ်ဆောင် ရွက်နေကြောင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အသက်(၁၀)နှစ်ပြည့် (၅၇၁,၁၄၆)ဦး၊ အသက်(၁၈)နှစ်ပြည့် (၅၅၄,၃၆၇)ဦး နှင့် ကျောင်းသား/ ကျောင်းသူ (၃၅၄,၅၂၉) ဦး၊ စုစုပေါင်း(၁,၄၈၀,၀၄၂) ဦးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်း၍ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)