Connect with us

Politics, Law & Military

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ရခိုင်ပြည်နယ်တွင်းရှိ ဝါးပိတ်ကျေးရွာမှ အိမ်ခြေ ၂၅လုံးအား မီးရှို့ဖျက်စီး

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်စီးသွားသော ၀ါးပိတ်ကျေးရွာအားတွေ့ရစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်းရှိ ဝါးပိတ်ကျေးရွာမှ အိမ်ခြေ ၂၅လုံးအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်စီးသွားကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာ အနီးရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် လိုင်းခန်းအား အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းခန့်တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၅ဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက် တောင်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများသည် ဝါးပိတ်ကျေးရွာမှ တစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးပြီး ဝါးပိတ်ကျေးရွာအား မီးရှို့ထွက်ပြေးသွားသဖြင့် တပ်မတော် စစ်ကြောင်းက မီးလောင်မှုအား ဝိုင်းဝန်း ကူညီငြိမ်းသတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာသို့ တပ်မတော်စစ်ကြောင်းမှ အောက်တိုဘာ ၁၂ နံနက် ၇ နာရီခန့်၌ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း ရွာအတွင်းရှိနေသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများသည် ရွာ၏အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း ၁၀ လောင်းနှင့် တစ်လုံးထိုးသေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။ (Xinhua)