Connect with us

Politics, Law & Military

“အမုန်းစကား၊ သတင်းအတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေး” အဖွဲ့လေးဖွဲ့ပူးပေါင်းဆောင်ရွက်နေဟု ရွေးကောက်ပွဲကော်မရှင်ပြော 

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဆိုရှယ် မီဒီယာများတွင် ပေါ်ပေါက်နေသော လူမှုပတ်ဝန်းကျင်ကို မတည်မငြိမ် ဖြစ်စေသည့် အမုန်း စကား၊ သတင်းအတု သတင်းအမှားများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် Facebook Team အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တားဆီးကာကွယ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ယနေ့ ပြောကြားခဲ့သည်။

“လက်ရှိ ဖြစ်ပေါ်နေတဲ့ အမုန်းစကားတွေ၊ သတင်းအတုတွေ၊ သတင်းအမှားတွေဟာ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုနဲ့ ကျွန်တော်တို့ ဦးတည်ထားတဲ့ စံငါးချက်ကိုရော ၂၀၂၀ ရွေးကောက်ပွဲကိုပါ ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ဘယ်လိုတားဆီးမလဲ ထိန်းချုပ်ကြမလဲ ဆိုတာ ဆွေးနွေး အကြံပေးကြဖို့ပါ၊ ကျွန်တော်တို့ကော်မရှင်အနေနဲ့တော့ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ Facebook Team တို့နဲ့ တွေ့ဆုံပြီး လေးဖွဲ့ ပူးပေါင်း ဆောင်ရွက်နေပါပြီ” ဟု နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ယနေ့ စတင် ပြုလုပ်သော “အမုန်း စကား၊ သတင်းအတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ”၌ အဖွင့် အမှာစကားပြောကြားစဉ် ကော်မရှင် ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ သတင်းမီဒီယာများ စသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သူ Stakeholders  အားလုံးက မိမိတို့ လိုက်နာရမည့် ကျင့်ဝတ် (Code of conduct ) များကို လိုက်နာကြမည်ဆိုလျှင် အမုန်းစကား၊ သတင်းအတု၊ သတင်းအမှားများ ပေါ်ပေါက်လာစရာ အကြောင်းမရှိကြောင်း၊ အဆိုပါ သတင်းအမှားများကို မည်သို့ တားဆီး ကာကွယ် ထိန်းချုပ်ကြမည်ဆိုသည်ကို ယခု အလုပ်ရုံ ဆွေးနွေးပွဲ၌ အကြံပေးကြရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲကြီးကို အေးချမ်း တည်ငြိမ်ပြီး ချောချော မွေ့မွေ့ အောင်မြင် ပြီးမြောက်အောင် ဆောင်ရွက်သွားပေးကြရမည် ဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တာ ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်နေကြောင်းသိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117