Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် ၁၁၃၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့တွင် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးဟောပြောပွဲ၌် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁၃၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ယနေ့ ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ အဖွဲ့ချုပ်အနေဖြင့် တိုင်းနှင့် ပြည်နယ် ၁၄ခုဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်းနှင့် ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁ရက်နေ့၌ အပြီးသတ် ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ၃၉ နေရာလောက်တော့ ကိုယ်စားလှယ်လောင်း ရွေးတာ မပြီးလို့ ချန်ထားသေးတာရှိသေးတယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် ၆၂၀ နေရာနှင့်
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် (တိုင်းရင်းသား ) ၂၉နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်ရန် နယ်ပယ်အသီးသီးက လျှောက်ထားသူများနှင့် ပါတီဝင်များအပါအဝင် လျှောက်ထားသူ ၃၀၀၀ နီးပါးရှိခဲ့ရာမှ ၁၀၉၀ ကိုရွေးချယ်ခဲ့ကြောင်း ပါတီ ဗဟိုကော်မတီ ဦးထွန်းထွန်းဟိန်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ် ဧပြီတစ်ရက်နေ့တွင် လစ်လပ်နေရာ ၄၅နေရာအတွက် ကျင်းပခဲ့ရာ အတိုက်ခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၃နေရာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နေရာရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၊ တနင်္ဂနွေနေ့ တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)