Connect with us

Politics, Law & Military

၁၃ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

(၁၃)ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထို (၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို မေလ ၂၂ရက် (၁၀းဝဝ) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင် ဆပ်ကော်မတီများမှ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို တင်ပြခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံမှ လမ်းညွှန်မှုခံယူခဲ့ကြောင်း သိရှိရပါသည်။

အာရှနှင့် ဥရောပတိုက်အကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ရန်အတွက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး တစ်ရပ်ကျင်းပရန် ၁၉၉၄ ခုနှစ်တွင် စင်ကာပူနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ စတင်အဆိုပြုခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပထမအကြိမ် အေဆမ်ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပခဲ့ပါသည်။

အေဆမ်ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တို့ကို (၂) နှစ်လျှင်တစ်ကြိမ် တစ်လှည့်စီ ကျင်းပလျက်ရှိပါသည်။ (၁၂)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၅ ခုနှစ်တွင် လူဇင်ဘတ် နိုင်ငံ၌လည်းကောင်း၊ (၁၁)ကြိမ်မြောက် အေဆမ် ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ၌ လည်းကောင်း ကျင်းပခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.