Connect with us

Politics, Law & Military

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ပြီးဆုံး

ကျောက်တံတားမြို့နယ် အမှတ် (၄) ရက်ကွက် မဲရုံအမှတ် (၁) တွင် ဆန္ဒမဲများ စတင် ရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြဌာန်း သတ်မှတ်မည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးအား နိုင်ငံ အနှံ့ တိုင်းဒေသကြီး ၊ ပြည်နယ် အသီးသီးရှိ မဲရုံများတွင် ယနေ့နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီအချိန်မှ စတင်ခဲ့ပြီးနောက် တည်ငြိမ် အေးချမ်းစွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ၏ စိတ်ပါဝင်စားမှု ၊ ဆန္ဒမဲပေးမှုများ မှာလည်း ယခင် ရွေးကောက်ပွဲထက် ပိုမို များပြားလာပြီး ယနေ့ရွေးကောက်ပွဲ ကျင်းပသည့်နေ့မဲရုံ အသီးသီးရှေ့တွင် မဲရုံ မဖွင့်လှစ်မီ နံနက် ၅ နာရီကျော် အချိန်မှ စတင်၍ တန်းစီ စောင့်ဆိုင်းခြင်း ၊ စနစ်တကျ ပါဝင်၍ မဲပေးခြင်းတို့ပိုမို များပြား မြင့်တတ်လာသည်ကို တွေ့မြင်ရသည်။

ထိုပြင် မဲဆန္ဒရှင် ပြည်သူများသာမက နိုင်ငံ့ ခေါင်းဆောင် အကြီးအကဲများလည်း တတ်ကြွစွာ ပါဝင်၍ မဲရုံ အသီးသီးသို့သွားရောက် ဆန္ဒမဲပေးခြင်းများ ၊ နိုင်ငံသား တာဝန် ကျေပွန်ကြောင်း အမှတ်အသား တစ်ရပ်အဖြစ် ဆန္ဒမဲ ထည့်ပြီးနောက် မဲပေးပြီးကြောင်း မှင်တို့ထားသည့် လက်များကို အမှတ်တရ ပြသခြင်းများကို ယခင်နှစ်များနှင့်မတူ တွေ့မြင်ရသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင် ပြည်သူများက ယခုရွေးကောက်ပွဲတွင် ယခင်နှစ်များထက် ပိုမို စိတ်ကျေနပ်စွာ မဲပေးနိုင်ခဲ့ခြင်းများလည်း ရှိခဲ့ပြီး နိုင်ငံအနာဂတ်အတွက် နိုင်ငံသား တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့နိုင်ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
မဲရုံပိတ်ချိန် ညနေ ၄ နာရီတွင် အချို့ မဲရုံများ၌ ဆန္ဒမဲပေးမှုများ မပြီးစီးသေးသော်လည်း ဆန္ဒမဲပေးသူများ အနေဖြင့် မဲရုံပရဝဏ် အတွင်း ရောက်ရှိနေပါက ဆက်လက်မဲပေးခွင့် ရကြောင်းသိရသည်။

ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်အ၀ ရရှိရေး ဆောင်ရွက်ခဲ့ပြီး လက်ရှိအင်အားအပြင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်သည့် အထူးရဲ အရေအတွက် လေးသောင်းကျော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခန့်အပ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်မည့် အထူးရဲ စုစုပေါင်း ၅,၄၉၅ ဦး ရှိကြောင်း သိရသည်။
ယနေ့ ကျင်းပခဲ့သည့် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဦး အပါအဝင် စုစုပေါင်း ၆,၀၃၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၃၃ သန်းခန့်ရှိကြောင်း သိရသည်။
ယခု ပြုလုပ်သော ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ လေ့လာသူ ၁,၁၁၈ ဦး၊ ပြည်တွင်း လေ့လာသူ ၉,၄၀၆ ဦးနှင့် ပြည်ပ သတင်း မီဒီယာ စောင့်ကြည့် လေ့လာသူ ၂၉၁ ဦး ၊ စုစုပေါင်း စောင့်ကြည့် လေ့လာသူ ၁၀,၈၁၅ ဦး ကို ရွေးကောက်ပွဲတွင် လေ့လာနိုင်ရန် ခွင့်ပြုထားပြီး မြန်မာနိုင်ငံ၏ မြို့နယ် ၃၃၀ ရှိ မဲဆန္ဒနယ်မြေ ၁,၁၇၁ နယ်မြေအနက် မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာထားသည်။
ယခုကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၌ ၆ ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်သကဲ့သို့ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများထက် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ (Xinhua)