Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၁၅၀ ဦး အပါအဝင် ၇၀၀ ဦးခန့် တက်ရောက်မည်

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

သြဂုတ်လကုန်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦးအပါအဝင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၇၀၀ ဦးခန့် တက်ရောက် မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ပြောခဲ့သည်။

“၂၁ ရာစု ပင်လုံမှာ တက်ရောက်မယ့် ကိုယ်စားလှယ်ပေါင်း ၇၀၀ ခန့်ရှိမယ်လို့မျှော်မှန်းထားပါတယ်။ အရင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်အရ အစိုးရ အဖွဲ့က ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တရားဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး လို့ သတ်မှတ်ထားပါတယ်” ဟု ဝန်ကြီးက ပြောသည်။ ၂၁ ရာစု ပင်လုံ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်၏ “၂၁ ရာစု တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ် ဦးရေ မည်မျှ တက်ရောက်ခွင့် ရှိမည်နည်းနှင့် ထိုသို့ ကိုယ်စားပြု တက်ရောက်ခွင့်ရှိ မရှိ မည်ကဲ့သို့စီစဉ် ဖိတ်ကြားထားသနည်း” ဟူသည့် အမေးကို ဦးကျော်တင့်ဆွေက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဖိတ်ကြားမှု စာရင်းအတိအကျ ကိုမူ သြဂုတ်လလယ်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေး ညှိနှိုင်း အတည်ပြုသွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။ ၂၁ ရာစုပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများအပြင် တိုင်းရင်းသားများကိုပါ ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်နေကြောင်း၊ သို့ရာတွင် ဦးကျော်နီနိုင်၏ ဒုတိယ မေးခွန်းဖြစ်သည့် တိုင်းရင်းသား လူမျိုးစု အလိုက် ကိုယ်စားပြု တက်ရောက်ခွင့်ရှိ မရှိ ကိုမူ လတ်တလောတွင် အတိအကျ မပြောနိုင်သေးကြောင်း၊ UPDJC ညှိနှိုင်းမှုများမှ ထွက်ပေါ်လာမည့် ရလဒ်အပေါ်တွင် မူတည်နေပါကြောင်း ဦးကျော်တင့်ဆွေက ဖြေကြားခဲ့သည်။ UPDJC ကို ယခင်က ဒုတိယ သမ္မတက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ရာ ယခု အစိုးရလက်ထက်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နှင့် ၂၀၁၆ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့သည်။ ဇူလိုင်လ ၁၇ တွင် ရန်ကုန်မြို့ NRPC ရုံး၌ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင်မူ အထူးဒေသ (၂) ဝ ခေါင်းဆောင်များ၊ အထူးဒေသ (၄) မိုင်းလား ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ၂၁ ရာစု ပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အတွက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် ညှိနှိုင်းမှုများကို သြဂုတ်လလယ်တွင် ကျင်းပမည့် UPDJC အစည်းအဝေးက ဆွေးနွေး အတည်ပြုမည် ဖြစ်ပြီး ထို ရလဒ်များအရ ၂၁ ရာစု ပင်လုံသို့တက်ရောက်မည့် စာရင်းကို အတိအကျ ရရှိမည်ဖြစ်သည်။ (Xinhua)