Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ပဋိပက္ခကို ပိုမို ထိခိုက် ဆိုးရွားသွားစေမည့် ဆောင်ရွက်ချက်များကို ICJ အနေဖြင့် ရှောင်ရှားပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ICJ ၌ ရှင်းလင်း ပြောကြားနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်(ဓာတ်ပုံ -MOFA)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခကို ပိုမို ထိခိုက် ဆိုးရွားသွားစေမည့်  ဆောင်ရွက်ချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေဖြင့် ရှောင်ရှားပေးပါရန် မေတ္တာရပ်ခံကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံး တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၁ ရက်က တက်ရောက် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခဲ့သည့်အမှုအပေါ် ကြားဖြတ် စီမံ ဆောင်ရွက်ချက် (Provisional Measures) အတွက် နှုတ်ဖြင့် လျှောက်လဲခြင်း(Oral Proceedings)ဒုတိယနေ့ (ဒီဇင်ဘာ ၁၁ ရက်)အစီ အစဉ်သို့ တက်ရောက်၍ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့် စပ်လျဉ်း၍ ၎င်းက ထည့်သွင်း ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ICJ သို့ တက်ရောက်လာသည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office)

အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့၌ လာရောက် ထောက်ခံ အားပေးသူများအား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းစရာ အချက်မှာ ယခု ဂမ်ဘီယာနိုင်ငံက ရုံးတော် ကို လျှောက်ထား တင်ပြမှုများတွင် အချက်အလက် ပြည့်စုံမှု မရှိသည့် အပြင် နားလည်မှု လွဲမှားစေနိုင်သည့် အနေ အထားဖြင့် ပုံဖော်ထားသည်ကို တွေ့ရကြောင်း ၊ ရခိုင်ဒေသ အခြေအနေနှင့် ပတ်သက်၍ နားလည်မှု လွဲစေသည့် အချက်အလက်များဖြင့် ပုံဖော်ပြီး မပြည့်မစုံတင်ပြထားသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ၊ မည်သို့ဖြစ်စေကာမူ ရုံးတော်အနေဖြင့် ရခိုင်ပြည်နယ်၏ မြေပြင်အခြေအနေများကို စိတ်ခံစားမှု ကင်းရှင်းစွာဖြင့် တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“ မြန်မာဘာသာဖြင့် “နယ်မြေရှင်းလင်းရေး” လို့ခေါ်တဲ့ “Clearance Operations” အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား လိုပါတယ်။ ယင်းအသုံးအနှုန်းရဲ့ အဓိပ္ပါယ်ကို တလွဲ ဖွင့်ဆိုကြခြင်းဖြစ်ပါတယ်။ မြန်မာဘာသာအားဖြင့် နယ်မြေရှင်းလင်းရေးဆိုတာဟာ နယ်မြေ ဒေသတစ်ခုရှိ သောင်းကျန်းသူများ သို့မဟုတ် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို ဆိုလိုခြင်းသာဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အတိုင်းအတာဖြင့် ဆိုလျှင် တပ်မတော် စစ်ဥပဒေချုပ်ရုံးသည် ၎င်းတို့၏ တာဝန် ဝတ္တရားများကို နိုင်နိုင် နင်းနင်း ဆောင်ရွက်နိုင်သည့် အနေအထားရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

ယခုလို ပြစ်မှုကျူးလွန်မှုများကို တက်ကြွစွာစုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို တရားစီရင်နေသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှုများ ရှိသည် ဆိုသည်မှာ  မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့် အချို့ကို အခြေခံထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တင်သွင်းချက်များမှာ မြန်မာနိုင်ငံမှ တပ်မတော် ဆိုင်ရာ တရားစီရင်ရေးစနစ်ဟာ တာဝန်ခံမှုအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ တောင်မှ ဖော်ပြပါရှိပါတယ်။ ဒါဟာမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၀(ခ) နဲ့ ဆန့်ကျင်နေရုံ သာမက တပ်မတော်နဲ့ အရပ်သားအစိုးရအကြားပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစတဲ့ ပြည်တွင်းကြိုးပမ်း အားထုတ်နေမှုများကို ချေဖျက်ရာရောက်မှာဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ ARSA အဖွဲ့က အကွက်ချ ကြိုတင်စီမံထားတဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး တပ်မတော်က ပြန်လည် တုံ့ပြန်ခဲ့ရတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနေရပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စတွင် အသိုင်းအဝိုင်းနှစ်ခု ကွဲပြားမှု အလွန်အကျွံ ဆိုးရွားသွားစေမည့် မီးလောင်ရာ လေပင့်မှု များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်မှုတို့ကို ထိခိုက်စေကြောင်း ၊ ပဋိပက္ခဒဏ်ရာများကို ပိုမို ဆိုးရွားအောင် ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်နယ်၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်၌ သိသာထင်ရှားသည့် လက်တွေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ပေး နေချိန်မျိုးတွင်  လူမျိုး ပြုန်းတီးစေမှု လုပ်ရပ်များ ဆက်လက် ဖြစ်ပေါ်နေနိုင်ပါ့မလားဟု မေးခွန်း ထုတ်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“မိမိတို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ နိုင်ငံတော် အတွက် အခြေခံအုတ်မြစ်ကောင်းတွေကို အားလျော့စေမယ့် မယုံကြည်မှုနဲ့ ကြောက်ရွံ့မှု၊ ဘက်လိုက် မမျှတမှုနဲ့ မုန်းတီးမှုတို့ အမြစ်တွယ်နေခြင်းကို ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ မိမိတို့ဟာ လွန်ခဲ့တဲ့ မျိုးဆက်အဆက်ဆက်ကပင် ပြည်သူများ မျှော်လင့် တောင့်တခဲ့ကြရတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်စေရေးအတွက် အကြမ်းမဖက်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ကတိကဝတ်များကို တစ်စိုက်မတ်မတ် လိုက်နာဆောင်ရွက်သွားမယ် ဆိုတာ ပြောကြားလိုပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေပါမောက္ခ မစ္စတာ William Schabas ၊ ရှေ့နေ မစ္စတာ Christopher Staker ၊ ရှေ့နေ ပါမောက္ခ မစ္စ Phoebe Okowa တို့က လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယနေ့ အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြမည့် ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အထောက်အကူပြုအဖွဲ့ဝင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.