Connect with us

Politics, Law & Military

NCA လက်မှတ်ရေးမထိုးနိုင်သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိ

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ဆုံစဉ်(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးမထိုးနိုင်သော တိုင်းရင်းသား လက်နက်ကိုင်များအတွက် ငြိမ်းချမ်းရေးတံခါး အမြဲတမ်းဖွင့်လှစ်ထားပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂ နှစ်တာကာလအတွင်း ကြိုးပမ်း ဆောင်ရွက်ချက်များတွင် ဖော်ပြထားကြောင်း သိရသည်။

NCA ၏ ၂ နှစ်တာသက်တမ်းနှင့် အနာဂတ်မျှော်မှန်းချက်တွင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည် NCA ကို အခြေခံ၍ တိုးတက်ဖြစ်ပေါ်လာသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပြီး ယခင်က NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့က လက်မှတ်ရေးထိုးခဲ့ရာမှ NCA ၂ နှစ်တာသက်တမ်း ကာလအတွင်း မွန်ပြည်သစ် ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ NCA တွင် ထပ်မံပါဝင် လက်မှတ်ရေးထိုးလာခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ထပ် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေး (၃) ကြိမ်အတွင်း ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရန်နှင့် ဖက်ဒရယ်အုတ်မြစ် ခိုင်ခိုင်မာမာ စိုက်ထူနိုင်ရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်သည် UNFC ၏ အဆိုပြုချက်(၈)ချက်ကို အခြေခံပြီး UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ – DPN နှင့် အလွတ် သဘော တွေ့ဆုံဆွေးနွေးပွဲ(၉)ကြိမ်နှင့် တရားဝင်ဆွေးနွေးပွဲ(၉)ကြိမ်ကျင်းပပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်နီတိုးတက်ရေးပါတီ (KNPP) နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး UWSA “ဝ” အထူးဒေသ (၂)၊ အထူးဒေသ (၄)၊ မိုင်းလား၊ KIA – KIO အဖွဲ့များနှင့်လည်း အလွတ်သဘောတွေ့ဆုံမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် SSPP “ဝမ်ဟိုင်း” အဖွဲ့နှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်လာအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.