Connect with us

Politics, Law & Military

NLD အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ တွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေး အပြောင်းအလဲများ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိလာပြီး အစိုးရတာဝန်ကို ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ စတင် တာဝန်ယူလာရာ ယနေ့ ဇူလိုင်လ ၉ ရက်တွင် NLD အစိုးရသစ်၏ အစိုးရသက်တမ်း ရက် ၁၀ဝ ပြည့်လာပြီ ဖြစ်သည်။

အစိုးရသစ် အနေဖြင့် စတင် တာဝန်ယူသည့်နေ့မှ စတင်ပြီး နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများ၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခန်းကဏ္ဍများကို အလေးထား ဆောင်ရွက်လျက်ရှိရာ အစိုးရသစ် အထူးတလည် အလေးပေးကာ အပြောင်းအလဲ ပြုလုပ်သည့် ကဏ္ဍများမှာ နိုင်ငံခြားရေးနှင့် ငြိမ်းချမ်းရေး ကဏ္ဍ တို့ဖြစ်သည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာမှ နိုင်ငံခြားရေးဝန်ကြီးများ လာရောက် တွေ့ဆုံမှု များသည်လည်း မြန်မာနိုင်ငံအတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ နယ်စပ်ရေးရာနှင့် ကုန်သွယ်မှုများ အတွက် ကောင်းသော အရွေ့တစ်ခုပင် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရ တာဝန်ယူပြီး ပထမဆုံး ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ ထွက်ခွာပြီး နှစ်နိုင်ငံ အကျိုးအတွက် ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ သွားရောက်မှုသည်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ ရသင့်ရထိုက်သော အခွင့်အရေးများ၊ နှစ်နိုင်ငံ အကျိုးများအတွက် ရလဒ်ကောင်းများ ထွက်ပေါ်စေသော ခရီးစဉ် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ

အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး မူဝါဒ အချို့ကို ပြောင်းလဲချမှတ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံကို သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပနိုင်ရေး အထူးတလည် လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှ ခေါင်းဆောင်များသည် ယခု ဇူလိုင်လ ၁၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကလည်း ဇွန်လအတွင်း “ဝ” နှင့် မိုင်းလား အဖွဲ့တို့ကို သွားရောက်တွေ့ဆုံ ဆွေးနွေးထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးတက်ရောက်မည့် ထိပ်သီး ညီလာခံကို ကေအိုင်အို ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် ဇူလိုင်လ နောက်ဆုံးအပတ် အတွင်း ပြုလုပ်ရန် စီစဉ်ထားမှုသည်လည်း အစိုးရသစ်၏ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် အထောက်အကူများစွာ ဖြစ်နိုင်သည်။

လက်ရှိ အစိုးရသစ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၎င်းသည် ဇွန်လ ၂၈ ရက်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၈) ဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်မည့် ၂၁ ရာစု ပင်လုံ ညီလာခံကို ယခုနှစ် သြဂုတ်လကုန်ပိုင်း မတိုင်မီ ကျင်းပနိုင်ရေး ကြိုးစားရန် သဘောတူညီမှု ရရှိခဲ့သည်။

ရန်ကုန်မြို့ စတော့ရှယ်ယာ ဈေးကွက်အားတွေ့ရစဉ် (ဆင်ဟွာ)

အစိုးရသစ်နှင့် စီးပွားရေးကဏ္ဍ
စီးပွားရေးကဏ္ဍတွင် အစိုးရ တာဝန်ယူပြီး ရက်ပေါင်း ၁၀၀ အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို အသစ်ဖွဲ့စည်းနိုင်ခြင်း၊ စတော့အိတ်ချိန်းဈေးကွက် စတင်ရောင်းချနိုင်ခြင်း၊ အမေရိကန် ဒေါ်လာဈေးများ ကျဆင်းလာခြင်း စသည့် အပြောင်းအလဲ အချို့သာ ဖြစ်ပေါ်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးသည် အစိုးရသစ် လက်ထက်တွင် နိုင်ငံခြားပို့ကုန်ကို လက်ရှိထက် သုံးဆ မြင့်တက်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားထားပြီး လက်ရှိတွင် ပို့ကုန်သုံးဆ ဖြစ်အောင်လုပ်ဆောင်မည့် မူဝါဒ တိတိကျကျ ထွက်လာရေး အတွက် ဆွေးနွေးမူများ ပြုလုပ်လျက် ရှိသည်။

အစိုးရသစ်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) များ ဖိတ်ခေါ်ပြီး စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်မည် ဖြစ်သော်လည်း စိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် လွန်စွာ နည်းလွန်းနေကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထံမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာသန်း ၉,၄၀၀ သို့ ရောက်ရှိချိန်တွင် စိုက်ပျိုးရေးသို့ ဝင်ရောက်မှုသည် အမေရိကန် ဒေါ်လာ ၇.၂ သန်းသာ ရှိရာ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ဝ.၁ ရာခိုင်နှုန်းပင် မရှိခဲ့ပါ။
ပို့ကုန်သွင်းကုန် မူဝါဒ ချမှတ်ရာတွင် လည်းကောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် လည်းကောင်း ခေါင်းခဲရမည့် ကိစ္စမှာ ပြည်တွင်း ကုမ္ပဏီများ၏ အကျိုးစီးပွား ကာကွယ်ရေး ဖိအားများ ဖြစ်သည်။

တိုင်းရင်းသား လုပ်ငန်းရှင်များ လိုအပ်နေသည့် ငွေကြေး အရင်းအနှီး၊ ကျွမ်းကျင်လုပ်သား၊ လျှပ်စစ်မီး၊ မြေနေရာ စသည်တို့ကို ရရှိအောင် ဖန်တီးပေးခြင်းဖြင့် ပြည်တွင်း ဈေးကွက်ကို ကာကွယ်ရုံမျှမက ပြည်ပ ဈေးကွက်ကိုပါ ရယူနိုင်အောင် အစိုးရက လုပ်ဆောင်ရမည် ဖြစ်သည်။
နိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့် စီးပွားရေး ကဏ္ဍသည် တိုင်းပြည် ဖွံ့ဖြိုးမှုအတွက် များစွာ အရေးပါသဖြင့် အချိန်ယူ ပြုပြင်ပြောင်းလဲမှု အချို့လိုအပ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117