Connect with us

Politics, Law & Military

သင်္ဃန်းကျွန်းမြို့နယ် NLD ပါတီရုံးရှေ့တွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ ရှင်းလင်းမှုပြုလုပ်


ရန်ကုန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်ရှိ NLD ပါတီရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၂၄ ရက် )နံနက်ပိုင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး ရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။

အဆိုပါ လက်ပစ်ဗုံးကို ရဲတပ်ဖွဲ့က ရှင်းလင်းမှုလုပ်ခဲ့ပြီး လက်ပစ်ဗုံး လာရောက်ပစ်ထားသူအား ဖမ်းဆီးရမိရေးအတွက် လမ်းထောင့်ရှိ CCTV ကင်မရာများကို စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆင်ဟွာသု့ိပြောသည်။

NLD ပါတီရုံးရှေ့တွင် တွေ့ရှိသော လက်ပစ်ဗုံးအားတွေ့ရစဉ်(ရဲတပ်ဖွဲ့)

NLD ပါတီရုံးရှေ့တွင် တွေ့ရှိသော လက်ပစ်ဗုံးအားတွေ့ရစဉ်(ရဲတပ်ဖွဲ့)

“လက်ပစ်ဗုံးကို လာပစ်သွားတာ၊စနက်တံမဖြုတ်ရသေးဘူး၊ စနက်တံကို တစ်ယောက်ယောက် ဖြုတ်လိုက်ရင်တော့ အန္တရာယ်ဖြစ်သွားနိုင်တဲ့အခြေအနေပေါ့ဗျာ၊ ခုတော့ ရုံးရှေ့မှာ ရှင်းလိုက်နိုင်ပါပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မနေ့ကတော့ သတင်းအတုဖြစ်တယ်၊ ဒီနေ့တော့ လက်ပစ်ဗုံး အစစ်ရုံးရှေ့တွေ့တယ်၊” ၎င်းက ဆိုသည်။

လက်ရှိ လက်ပစ်ဗုံးလာရောက်ပစ်သည့် တရားခံ ဖမ်းဆီးရမိရေးကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။(Xinhua)