Connect with us

Science & Technology

မူဆယ် – မန္တလေး လမ်းမကြီး အဆင့်မြှင့်တင်မှု ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် ပြီးစီးမည်

မူဆယ် - မန္တလေး ယာဉ်ကြော ပိတ်ဆို့ မှု မရှိရေး ဆောင်၇ွက်ချက်များကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း လွှတ်တော်တွင် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီးအား လေးလမ်းသွား နိုင်လွန်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် ပြီးစီးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ပြည်ထောင်စု လမ်းမကြီး ၂၉၈ မိုင် သုံးဖာလုံအား AASHTO HS 20 – 44 ဒီဇိုင်းဖြင့် လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်သွားရန် မြို့တွင်းလမ်း ၇၃ မိုင် တစ်ဖာလုံကို ချန်လှပ်ပြီး ကျန်တဲ့ ၂၂၅ မိုင် နှစ်ဖာလုံကို ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုဖြင့် Oriental Highway Co., Ltd. က ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်မှာ ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မူဆယ် – မန္တလေး ယာဉ်ကြော ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး လားရှိုး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း မေးမြန်းစဉ် (ဆင်ဟွာ)

လားရှိုး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း၏ မန္တလေး – မူဆယ် လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှု မရှိရေးနှင့် လမ်းပိုင်းများတွင် BOT စနစ် စာချုပ် သက်တမ်း များ ကျန်ရှိမှု ဆိုင်ရာ မေးခွန်းများကို ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြော ကြားခဲ့ခြင်း ဖြစ်ပြီး လက်ရှိ တည်ဆောက်ပြီး အခြေအနေများနှင့် စပ်လျဉ်း၍ “၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် အထိ ၂၇ မိုင် ပြီးစီးနေပါပြီ၊၊ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ ၁၁၂ မိုင်၊ သုံးဖာလုံနဲ့ ၂၀၁၈ – ၁၉ မှာ ၈၅ မိုင် ခုနစ်ဖာလုံ ဆောင်ရွက်သွားဖို့ စီမံချက်ဆွဲထားပါတယ်၊ နယ်မြေလုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်သွားပါမယ်” ဟု ရှင်းပြခဲ့သည်။

အဆိုပါ လမ်းမကြီးရှိ လမ်းကျဉ်းနေရာများတွင် လမ်းချဲ့ခြင်း၊ ဂုတ်တွင်းအပိုင်း၊ အခြားနေရာများနှင့် လမ်းအကွေ့များ တွင် Stabilized ခင်း၍ AC လမ်းခင်းခြင်း စသည်တို့အတွက် ၁၉၉၆ ခုနှစ်မှစပြီး Oriental Highway Co., Ltd. (ယခင် အေးရှားဝေါလ် ကုမ္ပဏီလီမိတက်) အား BOT စနစ်ဖြင့် ဆောင်ရွက်စေခဲ့ကြောင်း၊ BOT စာချုပ်သက်တမ်းမှာ ကနဦး ၄၀ နှစ်ဖြစ်ပြီး မန္တလေး – ပြင်ဦးလွင် – ဝက်ဝံ – နောင်ချို လမ်းပိုင်းအတွက် BOT သက်တမ်း ကျန်ရှိမှုမှာ ၂၈ နှစ်၊ နောင်ချို – ကျောက်မဲ လမ်းပိုင်းအတွက် ၂၁ နှစ်၊ ကျောက်မဲ – လားရှိုး လမ်းပိုင်းက ၂၉ နှစ်၊ လားရှိုး – မူဆယ်က ၂၀ နှစ်၊ မိုင်းယု – မူဆယ်က ၂၆ နှစ်နှင့် မူဆယ် – နမ့်ခမ်း အပိုင်းတွင် ၂၆ နှစ် သက်တမ်းများ အသီးသီး ကျန်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.