Connect with us

Social

ပရဟိတ ဘုန်းကြီးကျောင်းများရှိ မိဘမဲ့ ကလေးများကို နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးမည်

ပရဟိတ ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားနေကြသော ကလေးငယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ပရဟိတ ဘုန်းတော်ကြီးကျောင်းများတွင် မှီခို ပညာသင်ကြားနေရသော မိမိ နိုင်ငံသား တိုင်းရင်းသား မိဘမဲ့ ကလေးငယ်များကို နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“မိဘ အချက်အလက်များ မသိရှိနိုင်သော်လည်း တိုင်းရင်းသားတိုင်းနှင့် တိုင်းရင်းသား မိဘ နှစ်ပါးမှ မွေးဖွားသူ မှန်ကန်ပါက မွေးရာပါ နိုင်ငံသား အဖြစ် ထားရှိရန် ဖြေလျှော့နည်းလမ်းအရ မြို့နယ် နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးရေး လုပ်ငန်း စိစစ် ကြီးကြပ်ရေး အဖွဲ့က ဆုံးဖြတ် ဆောင်ရွက်ပေးသွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်မေဝင်းမြင့်၏ အမေးကို ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးရေး လုပ်ငန်း စိစစ် ကြီးကြပ်ရေး အဖွဲ့ကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ပါဝင်သည့် ငါးဦးကော်မတီ အဖြစ် ဖွဲ့စည်းကာ ပရဟိတ ဘုန်းတော်ကြီး ကျောင်းများနေ မိဘမဲ့ ကလေးများအား နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ရေး အတွက် စိစစ် ဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။
ဝန်ကြီး၏ ရှင်းပြချက်တွင် ကလေး၏ ဖခင် အမည် မသိလျှင် သက်ဆိုင်ရာ ပရဟိတ ကျောင်းအုပ်၊ သို့မဟုတ် ကျောင်းအုပ်သည် အမျိုးသမီး ဖြစ်နေလျှင် အမျိုးသား ကျောင်းဆရာ တစ်ဦးဦးအား ကလေး၏ မွေးစား ဖခင် အဖြစ် အမည် ဖြည့်သွင်းပြီး အမည်နောက်တွင် “(မွေးစားဖခင်)” ဟု ဖော်ပြရန်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင်မူ ဖခင်အမည်သာ ဖော်ပြပြီး မွေးစား ဖခင်ဟု ဖြည့်သွင်းခြင်း မပြုရန်၊ မိခင်အမည် မသိပါက “မသိ” ဟုသာ ဖော်ပြရန်၊ လူမျိုးနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်ပါက လူမျိုး အမှန် ဖော်ပြရန်နှင့် မဆုံးဖြတ်နိုင်ပါက အုပ်ထိန်းသူနှင့် မြို့နယ် ငါးဦးကော်မတီ အဖွဲ့က စိစစ်၍ သတ်မှတ်သော လူမျိုး အမည်အား ဖော်ပြရန် ဟူသည့် ညွှန်ကြားချက်များ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.