Connect with us

Social

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်း ခရီးစဉ် စတင် ပြေးဆွဲ

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင် ပြေးဆွဲခြင်း အခမ်းအနား၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ သင်္ဘောပေါ်သို့ လှည့်လည် ကြည့်ရှုစဉ် (ဓာတ်ပုံ - Yangon Region Government)

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကိုကိုးကျွန်းကို ကျွန်တော်တို့ ရေကြောင်းခရီးပြေးဆွဲတဲ့ အဓိကရည်ရွယ်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ ဒီဒေသမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိတဲ့သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ကိုကိုးကျွန်းဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ လုံခြုံရေးဧရိယာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလုံခြုံရေးဧရိယာကို အပျော်ခရီးသွားလာမှုမျိုးကို ခွင့်ပြုဦးမှာ မဟုတ်ပါဘူး။”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင် ပြေးဆွဲခြင်း အခမ်းအနား၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ သင်္ဘောပေါ်သို့ လှည့်လည် ကြည့်ရှုစဉ် (ဓာတ်ပုံ – Yangon Region Government)

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်အား လတစ်လ၏ ပထမအပတ်တိုင်းတွင် ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ယင်းရေကြောင်းခရီးသည် ဒေသခံပြည်သူများ ဆောင်ရွက်လိုသော စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအား များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အခု ဒီခရီးစဉ်အတွက် ခရီးစဉ်တစ်ခေါက် အသွား(၂)ရက် ကြာမယ်။ ဟိုမှာ (၂)ရက်နေမယ်။ အပြန် (၂)ရက်ကြာမယ်။ (၆)ရက်ခရီးစဉ်အတွက် သိန်း(၂၀၀) ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီဥစ္စာကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ရဲ့ ရန်ပုံငွေထဲကနေ ကျခံပြီး သုံးစွဲပေးမှာ ဖြစ်ပါတယ်။”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ကိုကိုးကျွန်း၌ (၂၄)နာရီ မီးရရှိနိုင်ရေးအတွက် ဆိုလာဖြင့် မီးပေးနိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖြစ်သည့် အုန်းစိုက်ပျိုးရေးကိုလည်း ပိုမို ကောင်းမွန်သော စနစ်ဖြင့် စိုက်ပျိုးနိုင်ပါက ဒေသခံပြည်သူများ ဝင်ငွေရလာမည် ဖြစ်ကြောင်း၊ နောင်တွင် ဒေသခံ ပြည်သူများ၏ ထုတ်ကုန်များအား ယင်းသင်္ဘောခရီးစဉ်ဖြင့် ရန်ကုန်သို့ တင်ပို့နိုင်မည် ဖြစ်ပြီး မိမိတို့ လိုအပ်သော စားသောက်ကုန်များကိုလည်း ယင်းရေကြောင်းခရီးလမ်းဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် စတင်ခြင်း အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.