Connect with us

Social

ရန်ကုန်မြို့တွင်း စုပေါင်း စနစ်ဖြင့် ဘတ်စ်ကား အစီးရေ ၄၀၀၀ ကျော် ပြေးဆွဲမည်


ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင်း ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ စုပေါင်း စနစ်ဖြင့် ဘတ်စကား အစီးရေ ၄၀၀၀ ကျော် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ယနေ့ဇန်နဝါရီ ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယခုအခါတွင် ဘတ်စ်ကား အစီးရေမှာ ၃၀၀၀ ကျော် ရှိပြီး တစ်ဦးချင်း အဆိုပြုထားသည့် ယာဉ်များလည်း ရှိနေပြီး ရေတွက်နေဆဲ ဖြစ်ရာ အားလုံး စုစုပေါင်း ၄၀၀၀ ကျော် ရှိမည် ဖြစ်ကြောင်း သိရသည်။ “ပထမ အဆင့် စနစ် ပြောင်းလဲမယ်။ဒီစနစ်ကို အများပိုင် ကုမ္ပဏီ ယာဉ်လိုင်း ပုံသဏ္ဍာန် အဆင့်ကို မရောက်ခင် ကြားခံ တံတား တစ်ခုကတော့ စုပေါင်း ပြေးဆွဲတဲ့ ပုံစံ တစ်ခုနဲ့ဒီ ၃ လတာ ကာလအတွင်းမှာ စနစ်တကျ ပြင်ဆင်ပြီး အများပိုင် ကုမ္ပဏီများ အဖြစ်နဲ့ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စ်ကားပေါ် မြင်ကွင်းများ(ဆင်ဟွာ)

ထို့အတူ ပြောင်းလဲမည့် စနစ်သစ်တွင် ပါဝင် ပြေးဆွဲရန် တစ်ဦးချင်း ပုဂ္ဂလိကလိုင်းကား ပိုင်ရှင်များသည် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်း မှတ်ပုံတင်နိုင်ပြီး နောက်ပိုင်း အချိန်တွင် စာရင်း ထပ်မံ ဖြည့်သွင်းရန် လက်ခံတော့မည် မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ယခု ပြောင်းလဲ ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် မပါဝင်သည့် CNG ဘတ်စကားများအနေဖြင့် CNG ထည့်၍ ရတော့မည် မဟုတ်ကြောင်း ၊ နောက်ပိုင်းတွင် တစ်ဦးချင်းအား CNG တပ်ဆင်ပေးတော့မည် မဟုတ်ဘဲ ကုမ္ပဏီ အလိုက် ခွဲတမ်းများ ချထားပေးသွားမည် ဖြစ်ကြောင်း ၊ ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စ်ကားများအား နောက်ပိုင်းတွင် CNG ဖြင့် ပြေးဆွဲရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စ်ကားပေါ် မြင်ကွင်းများ(ဆင်ဟွာ)

စုပေါင်း စနစ်ဖြင့် ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းများအား လူစီးမှု အပေါ် မှုတည်ပြီး လမ်းကြောင်း တစ်ခုတွင် ကားအစီးရေ ၅၅ စီးနှင့် အများဆုံး အစီး ၁၀၀ ကျော် လျာထားပြီး လိုအပ်သလို ဖြည့်စွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ယာဉ်လိုင်း အသစ်များ ပြေးဆွဲရာတွင် ခရီးစဉ်အပိုင်းအလိုက် ကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ သတ်မှတ် ကောက်ခံ သွားမည် ဖြစ်ပြီး ကတ်စနစ်ဖြင့် လည်းကောင်း ၊ Mobile Application OK Dollar အသုံးပြု၍ လည်းကောင်း ပေးချေ နိုင်ကြောင်း ၊ စတင် ပြေးဆွဲရာတွင် ပြည်သူများ အဆင်ပြေစေရန် ကားမှတ်တိုင်များတွင် အသိပညာပေး ဆိုင်းဘုတ်များ ကပ်ထားမည့် အပြင် ကူညီပေး မည့်သူများလည်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။ယခု ပြောင်းလဲ ပြေးဆွဲမည့် ၃ လတာ ကာလအတွင်း မော်တော်ယာဉ် အသစ်များ ဝယ်ယူပြီး ဝန်ဆောင်မှု အပြည့် ပေးနိုင်သည့် အခြေအနေများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ CCTV ကင်မရာများ ၊ GPS စနစ်များဖြင့် Traffic Control Center မှ Operator Team က တိုက်ရိုက် ထိန်းချုပ်နိုင်မည့် စနစ်များ အားလုံးကို ၃ လ အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စ်ကားပေါ် မြင်ကွင်းများ(ဆင်ဟွာ)

စနစ်သစ်ဖြင့် ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စကားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

စနစ်သစ်ဖြင့် ပြောင်းလဲ ပြေးဆွဲမည့် ဘတ်စကားများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘတ်စ်ကားများတွင် ဖော်ပြထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အမှတ်အသား(ဆင်ဟွာ)

စနစ်သစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းများအား ကြည့်ရူ့လေ့လာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ငွေပေးချေမှု စနစ်အား ယခု စတင် ပြေးဆွဲမည့် ၃ လအပြီး နောက်ထပ် ၃ လတွင် စီမံကိန်းအသစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ငွေပေးချေမှု စနစ်အား စနစ်တစ်ခုထဲ ဖြစ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။“တစ်ဆင့်ချင်း ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ အဆင့်အတန်းမီ သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုကို လုပ်ပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟုဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။မော်တော်ယာဉ်လိုင်းများ သတ်မှတ်ပေးထားသော်လည်း ပြည်သူများ လိုအပ်ချက် ရှိပါက ညှိနှိုင်းပြီး တိုးချဲ့၊ ဖြည့်စွက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ မ.ထ.သ ခေါင်းစဉ် အောက်မှာ ရှိသည့် လုပ်ငန်းရပ်အားလုံးကို ရပ်ဆိုင်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ ရန်ကုန်မြို့ရှိ ယာဉ်လိုင်းအားလုံးကို ကွပ်ကဲသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117