Connect with us

Social

YBS ယာဉ်လိုင်းစနစ်အား ပုဂ္ဂလိက ကုမ္ပဏီကြီးအဖြစ်ပြောင်းလဲဆောင်ရွက်ရန် ပြင်ဆင်နေဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြောင်းလဲပြေးဆွဲနေသော YBS ယာဉ်လိုင်းစနစ်အား ပုဂ္ဂလိက ကုမ္ပဏီကြီးတစ်ခု အဖြစ် ပြောင်းလဲဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ယာဉ်လိုင်းစနစ်အား အစိုးရပုံစံနှင့် ဆောင်ရွက်တော့မည့်မဟုတ်ဘဲ ကုမ္ပဏီတစ်ခုအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကပါဝင်သော အထူးအက်ဥပဒေနှင့် ဖွဲ့စည်းထားသော ယင်းကုမ္ပဏီ၌ (က)အစုရှယ်ယာအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စားပြုသူများ ပါဝင်မည်ဖြစ်ပြီး လုပ်ငန်း လည်ပတ်ရာတွင် နိုင်ငံတကာ အတွေ့အကြုံရှိ CEOများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် YBS ယာဉ်လိုင်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် YBS ယာဉ်လိုင်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

အများပြည်သူဘတ်စ်ကားစနစ်(YBS) စနစ်ကို သုံးလတစ်ကြိမ် အဆင့်တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်သော ကားအသစ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးကို မျှော်မှန်းထားကြောင်း၊ လက်ရှိ ရန်ကုန်မြို့တွင်း ကားအစီးရေ ၃၅၀၀ကျော်ဖြင့် ပြေးဆွဲနေပြီး ၄၅၀၀အထိ တိုးချဲ့ပြေးဆွဲနိုင်ရေးလည်း မျှော်မှန်းဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ကုမ္ပဏီပုံစံနဲ့ ကားသစ်များပြေးဆွဲနိုင်ရေးကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်၊ ဧပြီလကုန်လောက်မှာ နောက်တစ်ဆင့် တက်လှမ်းသွားပါမယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ယင်း အများပြည်သူဘတ်စ်ကားစနစ်(YBS) စနစ်၏ ဒုတိယအဆင့်အနေဖြင့် ကားများအားလုံးကို GPSစနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ပြီး ယာဉ်စီးခများကို ကဒ်Paymentစနစ်ဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဒီ Paymentစနစ်က ဘတ်စ်ကားလဲစီးလို့ရမယ်၊ ရထားလဲစီးလို့ရမယ်၊ ဈေးလဲဝယ်လို့ရမှာပါ”ဟု ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြီး ယာဉ်လိုင်းပေါင်း ၆၁ လိုင်း ယာဉ်အစီးရေ နှစ်ထောင်ကျော်ဖြင့် စတင်ပြေးဆွဲခဲ့ရာ လက်ရှိတွင် ယာဉ်လိုင်းပေါင်း ၇၉လိုင်း ကားအစီးရေ ၃၅၀၀ကျော်ဖြင့် ပြေးဆွဲနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.