Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

 

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် တောင်းဆိုထား ပြီး လက်ကျန်သုံးပွဲမှာလည်း အရေးပါလျက်ရှိကြောင်း သိရသည်။မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်တွင် ငါးပွဲကစား ခြောက်မှတ် ရထားကြောင်း သိရသည်။  မြန်မာအသင်းသည် ယခင်နည်းပြဟောင်း ရာဒူလိုဗစ်လက်ထက် တွင် သုံးပွဲစလုံး အရေးနိမ့်ခဲ့သော်လည်း နည်းပြသစ် အန်တွမ်နီဟေးလက်ထက် နှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံး အနိုင်ရထားသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် တစ်ကျော့ပြန်နည်းပြ အန်တွမ်နီဟေးလက်ထက်တွင် ရလဒ်ကောင်းများ ရရှိနေပြီး ၎င်းလက်ထက်တွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ ကစားထားရာ သုံးပွဲစလုံးအနိုင်ရထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း သည် ခြေစမ်းပွဲတွင် နီပေါအသင်းကို သုံးဂိုးပြတ် အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ တွင် တာဂျစ်ကစ္စတန်အသင်းကို လေးဂိုး -သုံးဂိုး၊ မွန်ဂိုလီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်း ခြေစမ်းပွဲများအတွက် အသင်းများ စတင်ဖိတ်ကြားနေပြီဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲ တွင် အိမ်ကွင်း၌ အနည်းဆုံးတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအပြီးတွင် လေ့ကျင့်မှု ရပ်နားထားကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်သုံးပွဲ ကစားရမည်ဖြစ်ပြီး မတ် ၂၆ ရက်တွင် ဂျပန် အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပထမ အကျော့လေးပွဲတွင် နိုင်ပွဲတစ်ပွဲသာရခဲ့ပြီး ဒုတိယအကျော့ အဖွင့်ပွဲတွင်မူ မွန်ဂိုလီးယားကို အိမ်ကွင်း၌ အနိုင်ရခဲ့ကြောင်း၊ ခြေစစ်ပွဲ ပထမသုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲမှ အနိုင်ရထားကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.