Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Sinopharm COVID-19 ကာကွယ်ဆေး နောက်ဆုံးအသုတ် မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Sinopharm COVID-19 ကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၇ ရက်တွင် ရောက်ရှိလာစဉ်(ဓာတ်ပုံ - Ministry of Health, Myanmar )

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်းစာ ကို စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် နောက်ဆုံးအသုတ် (ဆဌမအသုတ်)အဖြစ် ကာကွယ်ဆေး အကြိမ်ရေ ၄ သန်းစာသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် ထပ်မံရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Sinopharm COVID-19 ကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၇ ရက်တွင် ရောက်ရှိလာစဉ်(ဓာတ်ပုံ – Ministry of Health, Myanmar )

တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေးစုစုပေါင်း အကြိမ်ရေ ၂၄ သန်းစာသည် ၆ ကြိမ်ခွဲ၍ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ၊ ထပ်မံရောက်ရှိလာသည့် ကာကွယ် ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရောက်ရှိလာ သော ကာကွယ်ဆေးများနှင့် ယခင် လက်ကျန်ရှိသောကာကွယ်ဆေးများကို အသုံးပြု၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရည်မှန်းဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများ အတွက်လည်း ကာကွယ်ဆေးများ ထပ်မံ၍ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၁၃ ဒသမ ၉ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၈.၂၄ သန်း နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅.၆၅ သန်း ရှိပြီး ဖြစ်ကြောင်း နှင့် နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၂ ဒသမ ၁၅ သန်းထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကိုသတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်း နှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ (Xinhua)