Connect with us

Politics

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေ ပေးအပ်

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လှူဒါန်းငွေလွှဲပြောင်းပေးအပ်စဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသ လူမှုစီးပွားနှင့်ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်သည့်အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လှူဒါန်းငွေလွှဲပြောင်းပေးအပ်စဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လှူဒါန်းငွေလွှဲပြောင်းပေးအပ်စဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံက မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို အစဉ်တစိုက်ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်သက်ဆိုင်သောအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းသည် ဆဋ္ဌမအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ လှူဒါန်းမှု၏ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် ပဋိပက္ခများလျှော့ချရာတွင်ကူညီရေး၊ ပြည်သူများ လူနေမှုဘဝကောင်းမွန်လာစေရေး၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ နေရာချထားရာတွင် ကူညီပေးရေးနှင့် ဒေသန္တရလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံအဆင့်(၃) ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံသို့ တစ်နှစ်လှူဒါန်းငွေလွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ သံရုံးမှ သံမှူး Mr. Yang Shouzheng နှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ အကြီးအကဲများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာဘက်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အင်တိုက်အားတိုက်ထောက်ခံအားပေးကူညီမှုကိုကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာ-တရုတ်နယ်စပ်ဒေသတည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းသွားလိုကြောင်း၊ တရုတ်နိုင်ငံ၏ကူညီပေးအပ်မှုကို ကောင်းမွန်စွာအသုံးချ၍ ဒေသန္တရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်ကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ဒေသကပ်ရောဂါအခြေအနေ ပူးတွဲကာကွယ်ထိန်းချုပ်မှုတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းလည်း ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)