Connect with us

Politics

သမ္မတရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံခေါင်းဆောင်များ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတက်ရောက်

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံမှခေါင်းဆောင်များသည် ဇန်နဝါရီ ၁၇ ရက်တွင်ကျင်းပခဲ့သည့် တရုတ်-မြန်မာသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အခမ်းအနား နှင့် တရုတ်-မြန်မာယဉ်ကျေးမှုခရီးသွားနှစ် ဖွင့်လှစ်ခြင်း အခမ်းအနားများသို့ အတူတကွတက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၊ ပြည်ထောင်စုလွှတ်တော်နာယက နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမန်းဝင်းခိုင်သန်း ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး အတူတကွတက်ရောက်ခဲ့ကြသည်။

မြန်မာနှင့်တရုတ်နိုင်ငံတို့သည် သမိုင်းကာလရှည်ကြာ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဖလှယ်မှုများရှိခဲ့ကြောင်း နှင့် နှစ်နိုင်ငံပြည်သူများသည် ညီရင်းအစ်ကိုမောင်ရင်းနှစ်မများကဲ့သို့ အတူတကွ နေထိုင်ခဲ့ကြကြောင်း မြန်မာသမ္မတဦးဝင်းမြင့်က မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစတင်ကာ အလွန်အရေးပါသောခရီးရှည်တစ်ခုကို အတူတကွလျှောက်လှမ်းခဲ့ကြကြောင်း ၎င်းက ဆိုသည်။

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

နှစ်နိုင်ငံခေါင်းဆောင်တို့သည် နီးကပ်သောချစ်ကြည်ရင်းနှီးမှုကို အပြန်အလှန်ဖလှယ်ခဲ့ကြပြီး ၊ နှစ်နိုင်ငံလုံးပါဝင်ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်သည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အခြေခံမူကြီးဖြစ်ခဲ့ကြောင်း မြန်မာသမ္မတက ပြောကြားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်အခါသမယတွင် ကျရောက်နေကြောင်း နှင့် အဆိုပါ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားသို့ သမ္မတရှီသည် မြန်မာနိုင်ငံခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ခြင်းမှာ နှစ်နိုင်ငံအကြား နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ထုတ်ဖော်ပြသခြင်းဖြစ်ယုံမျှမက မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူခြင်းလည်းဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်ပယ်ကဏ္ဍစုံတွင် နက်နက်ရှိုင်းရှိုင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဧည့်သည်တော်များအား မိန့်ခွန်းပြောကြားရာတွင် အခမ်းအနားသို့ မြန်မာ-တရုတ် နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြကြောင်း နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေမည်သို့ပင်ပြောင်းလဲနေစေကာမူ မြန်မာအစိုးရအားလုံးသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရန် အလွန်အလေးထားပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

နှစ်သစ်အစတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံသို့ လာရောက်သော အလည်အပတ်ခရီးစဉ်သည် ကံကြမ္မာအကျိုးတူလူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် နှစ်နိုင်ငံစလုံး၏ ကြိုးပမ်းအားထုတ်မှုအတွက် အလွန်အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်တွင် တက်ကြွစွာအားပေးထောက်ခံ၍ ပါဝင်ခဲ့ပါကြောင်း နှင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံတည်ဆောက်ရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များထွက်ပေါ်လာရန် မျှော်လင့်ပါကြောင်း ၎င်းကဆိုသည်။မြန်မာနိုင်ငံသည် ယဉ်ကျေးမှု နှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်မှုများ ပိုမိုနက်ရှိုင်းစေရန် နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် ခိုင်မာသောပြည်သူများ၏ ထောက်ခံမှုရရှိရန် တရုတ်နိုင်ငံနှင့်အတူ ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတရှီ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ရာစုနှစ် နှစ်ခု ရည်မှန်းချက်ပန်းတိုင်ကို အပြည့်အဝဖော်ဆောင်နိုင်ရန် နှင့် ကြီးမားကျယ်ပြန့်သော နိုင်ငံတော်သွေးသစ်လောင်းမှုကို အောင်မြင်ပြီးမြောက်စေရန် မြန်မာနိုင်ငံက ယုံကြည်ပါကြောင်း နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနှင့်ကမာ္ဘ့နိုင်ငံများအတွက် အခွင့်အလမ်းကောင်းများကို ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

လူသားမျိုးနွယ်ကံကြမ္မာအကျိုးတူ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် နှင့် ကမာ္ဘ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးမြှင့်တင်မှုတွင်ပါဝင်ဆောင်ရွက်ရန် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားရန် အသင့်ရှိကြောင်း ၎င်းက ဆိုသည်။သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် နှင့် တရုတ်-မြန်မာယဉ်ကျေးမှုခရီးသွားနှစ်ဖွင့်လှစ်ခြင်း အခမ်းအနား သို့ မြန်မာခေါင်းဆောင်များနှင့်အတူ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် အမှန်တကယ်ဝမ်းမြောက်ကျေနပ်မိကြောင်း ဆိုသည်။

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ယင်းမှာ သမိုင်းကာလရှည်ကြာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်ဖလှယ်ရေးများတွင် အလွန်အရေးပါသော မှတ်ကျောက်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အလွန်ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုကို ဆင်နွှဲခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများသည် နှစ်ထောင်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြကြောင်း သမ္မတရှီက ပြောကြားခဲ့ပြီး ၎င်းတို့၏ချစ်ကြည်ရင်းနှီးမှု နှင့် ဆိုးတူကောင်းဖက်မျှဝေခြင်းကြီးမားသော အစဉ်အလာရှိမှုကို သမ္မတရှီက မီးမောင်းထိုးပြခဲ့သည်။ 

တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုသည် “ ပြည်သူအကြားမျှဝေမှုတစ်ခု”အဖြစ် ချယ်သနေသည်ကို ယုံကြည်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပြီး နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေကြောင်း ၊ ပြည်သူအချင်းချင်းကြား ချိတ်ဆက်မှုရှိကြောင်း နှင့် ကိုယ်ချင်းစာတရား ယဉ်ကျေးမှုတစ်ခုရှိပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

နှစ်ထောင်ချီကာလရှည်ကြာ “ ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးသည် အစဉ်ခိုင်မြဲနေမည်ဖြစ်ကြောင်း နှင့် ယင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးပိုမိုခိုင်မာစေရန် နှင့် တွန်းအားအဖြစ် ရှိနေကြောင်း ရှီက ဆိုသည်။ယခုအခမ်းအနားမှနေ၍ နှစ်နိုင်ငံ ပြည်သူများအကြား အချင်းချင်းအပြန်အလှန်ဖလှယ်မှုများ ၊ လေ့လာသင်ယူမှုများကို တွန်းအားပေးသွားရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့ပြီး တရုတ် နှင့် မြန်မာသည် ပြည်သူအချင်းချင်းကြားထိတွေ့မှုပိုမို များပြားလာမည်ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ထောက်ခံအားပေးသူများ နှင့် အကျိုးဖော်ဆောင်သူများဖြစ်လာမည်ဖြစ်ကြောင်း ၊ ၎င်းတို့၏ချစ်ကြည်ရင်းနှီးမှုအတွက် ပြည်သူများ၏ထောက်ခံအားပေးမှု ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်တွင် တိုးမြင့်လာစေရန် တရုတ်နိုင်ငံသမ္မတက နိုင်ငံအနေဖြင့် အတိတ်က အောင်မြင်မှုများကို တည်ဆောက်သွားရန်လိုအပ်ကြောင်း ၊ မျှဝေမှုများဖြင့် ခေတ်သစ်တစ်ခုတွင် မှန်ကန်စွာနေထိုင်သွားရမည်ဖြစ်ကြောင်း ဆိုသည်။“ တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ ယခုအလည်အပတ်ခရီးစဉ်မှာ မြန်မာသမ္မတဦးဝင်းမြင့် နဲ့ ကျွန်တော် သဘောတူညီခဲ့ကြပါတယ်” ဟု ရှီက ဆိုသည်။သမ္မတရှီက တရုတ်-မြန်မာ အနာဂတ်မျှဝေ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်သွားရန် ၊ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားကို လိုက်နာရန် နှင့် နိုင်ငံရေးအရပိုမိုယုံကြည်မှု ၊ နယ်စပ်ဒေသလက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ခြင်းဖြင့် အိမ်နီးချင်းကောင်းများ ၊ ဆွေမျိုးပေါက်ဖော် မိတ်ဆွေကောင်းများ ၊ မိတ်ဖက်ကောင်းများ အဖြစ် နှစ်ဖက်ပြည်သူများအကြား ထာဝရ တည်ရှိနေမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ် နှင့် မြန်မာနိုင်ငံတို့ ပါဝင်ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်သည် နိုင်ငံတကာဆက်ဆံရေးသမိုင်းဝင် အဓိကပါဝင်လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း ရှီကသည်။ ကမာ္ဘကြီးသည် မျက်မှောက်ခေတ်တွင် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူး အပြောင်းအလဲများဖြင့်ကြုံတွေ့နေကြောင်း နှင့် နိုင်ငံများသည် ကံကြမ္မာအကျိုးတူလူမှုအသိုက်အဝန်းတစ်ခုအဖြစ် ပိုမိုနီးကပ်စွာ ချိတ်ဆက်လာကြကြောင်း ရှီကဆိုသည်။

မိန့်ခွန်းများအသီးသီးပြောကြားပြီးနောက်တွင် သမ္မတရှီ နှင့် သမ္မတဦးဝင်းမြင့်တို့သည် တရုတ်-မြန်မာယဉ်ကျေးမှုခရီးသွားနှစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို အတူတကွတက်ရောက်ခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်များသည် ယဉ်ကျေးမှုဖြေဖျော်တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။အခမ်းအနားမစတင်မီ သမ္မတရှီ နှင့် မြန်မာခေါင်းဆောင်များသည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့် ဓာတ်ပုံပြပွဲကို အတူတကွကြည့်ရှုအားပေးခဲ့သည်။

သမ္မတရှီသည် ဇန်နဝါရီ ၁၇ ရက် ညပိုင်းတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ဦးမန်းဝင်းခိုင်သန်း တို့နှင့်လည်းတွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံသမ္မတ ရှီသည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံနေပြည်တော်သို့ ဇန်နဝါရီ ၁၇ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ၎င်း၏ ၂၀၂၀ ပြည့်နှစ်အတွက်ပထမဆုံးပြည်ပ ခရီးစဉ်ဖြစ်ပြီး ၁၉ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသမ္မတတစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်ဖြစ်ကြောင်း သိရသည်။(Xinhua)