Connect with us

Politics

တရုတ်နိုင်ငံမှ တင်သွင်းသည့် အဲကွန်းလေအိတ်ရထားတွဲများကို နှစ်နိုင်ငံအင်ဂျင်နီယာများ ညှိနှိုင်းဆောင်ရွက်ပြီးနောက်တွင် လွှဲပြောင်းလက်ခံသွားမည်ဟုဆို

သီလဝါဆိပ်ကမ်းသို့ ရောက်ရှိသည့် ရထားတွဲဆိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့် ပတ်သက်၍ အသုံးပြုပုံ၊ စက်ပိုင်းဆိုင်ရာများနှင့်လိုအပ်သည့် ညှိနှိုင်းမှုများဆောင်ရွက်ကာ မြန်မာနိုင်ငံဘက်မှ ယင်း ရထားတွဲဆိုင်းများကို လွှဲပြောင်းလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးညီညီဆွေက ဆင်ဟွာသို့ ဇန်နဝါရီ ၆ ရက်တွင်ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံက အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ရထားတာရှိတယ်။ အဲဒီကနေ လူစီးတွဲ ၂၈ တွဲ မှာယူတာပါ။ မှာယူတဲ့ အခါမှာ အထက်တန်းတွဲ ၁၄ တွဲ၊ ရိုးရိုးတန်းတွဲ ၁၄ တွဲ စုစုပေါင်း ၂၈ တွဲမှာခဲ့တာပါ။ရထားပြေးဆွဲမှုစတင်ရင် လမ်းပိုင်းအသီးသီးမှာ လိုအပ်တဲ့ တွဲဆိုင်းတွေကိုဖြည့်ထည့်မှာပါ။ ကျွန်တော်တို့ဌာနအနေနဲ့ အရင်ကလည်း တရုတ်နိုင်ငံကချေးငွေ နဲ့ ရထားတွေအကြိမ်ကြိမ် ဝယ်ခဲ့ဖူးတာတွေရှိတယ်။ နောက်ပြီး လက်ဆောင်ရရှိခဲ့တဲ့ တွဲတွေကို သုံးခဲ့တာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်ကလည်း ၁ကြိမ် ကျွန်တော်တို့ ရထားတွေ ဝယ်ပါတယ်။ အဒီတုန်းက တရုတ်ပြည်က လက်ခံရရှိခဲ့တဲ့ လေအိတ်တွဲတွေက တော်တော်ကောင်းလို့ ခရီးသွားပြည်သူတွေ နှစ်သက်သဘောကျခဲ့လို့ အခု ထပ်ပြီး အဲဒီပုံစံအတိုင်း နောက်ထပ်၂၈တွဲ ကို အဲဒီအမျိုးအစားအတိုင်း ထုတ်ပေးဖို့ ကျွန်တော်တို့က ထပ်မှာခဲ့တာပါ။ အဲဒီတွဲဆိုင်းတွေ ရဲ့ အားသာချက်က သက်သောင့်သက်သာရှိတာပါ။’’ ဟု ၎င်းက ဆိုသည်။

ယင်းအဲကွန်းလေအိတ်ရထားတွဲသစ် ၂၈ တွဲတင်ဆောင်လာသော DU JUAN SONG အမည်ရှိ ပင်လယ် ကူးသင်္ဘောသည် အပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်း သို့ ဆိုက်ကပ်ရောက်ရှိခဲ့ပြီး တွဲသစ်များ ထိန်းသိမ်း ထားရှိရန်အတွက် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)သို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

COVID-19 အလွန်ကာလ ခရီးဝေး ရထားများ ပြန်လည်ပြေးဆွဲချိန်တွင် ခရီးသည်များအတွက် လိုအပ်ချက်ရှိမည့်လမ်းပိုင်းများ၌ ယခုအသစ် ရောက် ရှိလာသော အဲကွန်းလေအိတ်ရထားတွဲသစ်များကို ထည့်သွင်းပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။ (Xinhua)