Connect with us

Social

တရုတ်နိုင်ငံရောက် မြန်မာလူမျိုးများ အပါအဝင် နိုင်ငံခြားသားတိုင်း၏ အသက် လုံခြုံမှု နှင့် ခန္ဓာကိုယ် ကျန်းမာရေးကို များစွာ အလေးထားကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီ တာဝန်ခံ ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလူမျိုးများအပါအဝင် နိုင်ငံခြားသားတိုင်း၏ အသက် လုံခြုံမှု နှင့် ကိုယ်ခန္ဓာ ကျန်းမာရေးကို များစွာအလေးထားပြီး သက်ဆိုင်ရာ အစီအမံများကို တက်တက်ကြွကြွ ဆောင်ရွက် ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာ (Ms.Li Xiaoyan)က ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးသည် မြန်မာအစိုးရ နှင့် နီးနီးကပ်ကပ် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပြီး ရောဂါ တိုးတက်မှု အခြေအနေ နှင့် တရုတ်နိုင်ငံ၏ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များကို အချိန်မီ အသိပေး အကြောင်းကြားလျက် ရှိကြောင်း သံရုံး ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက ပြောကြားခဲ့သည်။

သံရုံး ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

မကြာမီရက်ပိုင်းက မြန်မာနိုင်ငံမှ တရုတ် နိုင်ငံ ဝူဟန့်မြို့၌ သွားရောက် ပညာသင်ကြားနေသော မြန်မာပညာတော်သင် ကျောင်းသား ၊ ကျောင်းသူများကို ပြန်လည်ခေါ်ယူရန် အဆိုပြုလာကြောင်း ၊ တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်တွင် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးသည် မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အနေဖြင့် ပွင့်လင်းမြင်သာပြီး လေးလေးနက်နက် တာဝန်ယူသည့် စိတ်သဘောထားဖြင့် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ် ပြည်သူများ နှင့် တရုတ်နိုင်ငံရောက် နိုင်ငံခြားသားများ၏ အသက်လုံခြုံမှု နှင့် ခန္ဓာကိုယ် ကျန်းမာရေးကို ဆက်လက် ကာကွယ် စောင့်ရှောက် သွားမည် ဖြစ်ကြောင်း သံရုံး ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက  ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံက ဆောင်ရွက်တဲ့ ကာကွယ်ထိန်းချုပ်ရေး အစီအမံတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ “နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ” မှ အကြံပြုတဲ့ အစီအမံတွေထက် များစွာ ကျော်လွန်ပါတယ်။ ရည်ရွယ်ချက်ကတော့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရင်း ရောဂါပြန့်ပွားမှုကို အတိုဆုံးအချိန်အတွင်း တားဆီးနိုင်ရန် ဖြစ်ပါတယ်။ ဒီတိုက်ပွဲကို နိုင်အောင် တိုက်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ နိုင်အောင် တိုက်နိုင်စွမ်းလည်း ရှိပါတယ်။ တရုတ်နိုင်ငံရောက် နိုင်ငံခြားသား မိတ်ဆွေများ အလွန်အမင်းမစိုးရိမ်ကြပါနဲ့။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအသိုက်အဝိုင်းမှ WHO ၏ အကြံပြုချက်ကို အပြည့်အဝ လေးစားကြပြီး တရုတ်နိုင်ငံ၏ ရောဂါ အခြေအနေ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အပေါ် ဆက်လက် ထောက်ခံအားပေးကြမည်ဟု ယုံကြည်ကြောင်း နှင့်  တိုက်တွန်းပါကြောင်း သံရုံး ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက ပြောကြားခဲ့သည်။

ထို့အတူ တရုတ် နိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သည့် အဆုတ်ရောင် ရောဂါ ဖြစ်ပွားသည့် အချိန်မှ စတင်ကာ ဟူပေပြည်နယ် ၊ ဝူဟန့် စသည့် ဒေသများမှ နိုင်ငံခြားသားများ၏ ကျန်းမာရေး လုံခြုံမှု အတွက် စီမံဆောင်ရွက်ထားရှိမှုများ ၊ တရုတ်နိုင်ငံရောက် နိုင်ငံခြားသားများက တရုတ်နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်မှု တိုးတက်မှု ဖြစ်စဉ်များကို သိရှိနိုင်မည့် နည်းလမ်းများ ဆောင်ရွက်ထားမှု အခြေအနေများကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက ရှင်းလင်း ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ အဓိကလုပ်ငန်းများတွင် ရောဂါ အရင်းအမြစ်ရှာဖွေမှု နှင့် နည်းပညာ ညွှန်ကြားမှုကို တိုးမြှင့်ခြင်း ၊ ပူးတွဲ ကြိုတင်ကာကွယ်ထိန်းချုပ်သည့် ယန္တယားထူထောင်ပြီး တင်းကြပ်သည့် ကြိုတင်ကာကွယ်ထိန်းချုပ်မှု အစီအမံများ ဖော်ဆောင်ခြင်း ၊ လူနာများကို အပြည့်အဝကုသကယ်တင်ပြီး ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကို အတတ်နိုင်ဆုံး ကြိုးပမ်း၍ လျှော့ချခြင်း ၊ သတင်းအချက်အလက်များ ထုတ်ပြန်ရေး နှင့် နိုင်ငံတကာကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်ရေးတို့ တစိုက်မတ်မတ် ဆောင်ရွက်ခြင်း ၊ တရုတ်နိုင်ငံအစိုးရက တရုတ်နိုင်ငံရောက် မြန်မာလူမျိုးများအပါအဝင် တရုတ်နိုင်ငံရောက် နိုင်ငံခြားသားတိုင်း၏ အသက်လုံခြုံမှု နှင့် ကိုယ်ခန္ဓာကျန်းမာရေးကို များစွာအလေးထားပြီး သက်ဆိုင်ရာအစီအမံများကို တက်တက်ကြွကြွ ဆောင်ရွက်ထားခြင်းတို့ ပါဝင်ကြောင်း သိရသည်။

တရုတ် နိုင်ငံ၏ လက်ရှိ ဆောင်ရွက်မှုများ အနက် တရုတ် တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးနှင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့ ၆၈ ဖွဲ့၊ ဆေးကုသရေးဝန်ထမ်း ၈,၃၁၀ ဦးသည် ဟူပေပြည်နယ်သို့ လာရောက်၍ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံက လဝက်အတွင်း အထူးကုဆေးရုံ ၂ ရုံကို လျင်မြန်စွာ တည်ဆောက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားသည့် လူနာများကို တစ်စုတည်း လက်ခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ ၊ ဟူပေပြည်နယ်၌ ဖေဖော်ဝါရီလ ၃ ရက် အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အဆုတ်ရောင် ရောဂါ ဖြစ်ပွားပြီး ကုသပျောက်ကင်းကာ ဆေးရုံဆင်းသည့် လူနာပေါင်း ၃၉၆ ယောက်ရှိပြီ ဖြစ်ကြောင်း ၊ အခြား ပြည်နယ်များ တွင်လည်း ကုသ ပျောက်ကင်း၍ ဆေးရုံဆင်းသည့် လူနာများ ရှိကြောင်း သံရုံး ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာက ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၌ သတင်းမီဒီယာများက သတင်းရယူနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်သည် တရုတ် နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်ထံ ဖေဖော်ဝါရီလ ၃ ရက်တွင် သဝဏ်လွှာ ပေးပို့၍ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်ကျန်းမာရေးဆိုင်ရာ နည်းပညာများကို ပိုင်ဆိုင်ထားသည့်အတွက် ယခု ဖြစ်ပွားလျက် ရှိသည့် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ဆက်လက်မပြန့်ပွားရေးကို အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ် နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား သွားနိုင်မည်ဟုလည်း အပြည့်အဝယုံကြည်ကြောင်း ၊ တရုတ်နိုင်ငံ၏ ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ယင်းအခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဖော်ပြပါရှိသည်ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)