Connect with us

Social

၂၀၂၀-၂၀၂၁ ခုနှစ် ကြံရာသီတွင် တရုတ်နိုင်ငံသို့ ကြံတန်ချိန် တစ်သန်းကျော် တင်ပို့သွားမည်ဖြစ်ကြောင်းဆို

ကြံပင်များအားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Digital News)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ခုနှစ် ကြံရာသီတွင် တရုတ်နိုင်ငံသို့ ကြံတန်ချိန် တစ်သန်းကျော် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။

“ရှမ်းပြည်နယ်ဘက်မှာဆိုရင် ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့၊ ကချင်ပြည်နယ်ဘက်မှာဆိုရင်လွယ်ဂျယ်ပေါ့။ အဲဒီဘက်မှာ မြန်မာနိုင်ငံဘက်က ကြံစိုက်တဲ့တောင်သူတွေကို တရုတ်နိုင်ငံဘက်က မျိုးတွေ ကူညီပေးတယ်။ ထွက်တဲ့ကြံတွေကို တရုတ်နိုင်ငံက သကြားစက်ရုံအတွက် ပြန်ဝယ်တာပါ။ ကြံရာသီကတော့ ၄ လပေ့ါ။ ဒီဇင်ဘာလကနေ မတ်လ ကုန်အထိ က ကြံရာသီပါ’’ ဟု ဦးဝင်းဌေးကပြောသည်။

ယခုနှစ်တွင် ချင်းရွှေဟော်နှင့် လောက်ကိုင်ဘက်မှ ကြံတန်ချိန် ၈ သိန်း၊ လွယ်ဂျယ်မြို့မှ ကြံတန်ချိန် ၂ သိန်း ကျော် စုစုပေါင်း ကြံတန်ချိန် ၁ သန်းကျော်အား ယခုကြံရာသီအတွင်း တင်ပို့မည်ဖြစ်ကြောင်း ဆိုသည်။

“နယ်စပ်တွေမှာလည်း ကြံကားကို ဦးစားပေးပြီး ဝင်ခွင့်ပေးတယ်။ ဈေးကလည်းပြည်တွင်းမှာ ကြံတစ်တန် ကို မြန်မာငွေကျပ် ၄၁,၀၀၀ ရတယ်ဆိုရင် တရုတ်ပြည်ကိုပို့တော့ ကျပ် ၈၀,၀၀၀ လောက်ရတယ်။ တောင်သူတွေလည်း တွက်ခြေကိုက်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ကြံထွက်သည့်ရာသီဖြစ်သည့် ဒီဇင်ဘာလ မှစ၍ လွယ်ဂျယ်မြို့၊ ချင်းရွှေဟော်မြို့နှင့် လောက်ကိုင်မြို့မှ ကြံများအားတင်ပို့လျက်ရှိကြောင်းဆိုသည်။ (Xinhua)