Connect with us

Africa & Middle East

အာဖဂန် တာလီဘန်များက အမေရိကန်ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးကြောင်း ဆို

အာဖဂန်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်ရေးရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် တာလီဘန်ကိုယ်စားလှယ် များသည် ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ပစစ်တပ်များပြန်လည်ထွက်ခွာရန် နှင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်စသည့် အကြောင်းအရာများကို အဓိကထားဆွေးနွေးခဲ့ကြောင်း၊ အာဖဂန်အခြေစိုက် ပြည်ပစစ်တပ်များက အာဖဂန် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာတွင် အကြီးဆုံးအတားအဆီး ဖြစ်သည်ဟု ထင်မှတ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် နှစ်ဖက်သဘောတူခဲ့ကြောင်း သိရသည်။ Zalmay Khalilzad က လွှတ်တော်ရွေးကောက်ပွဲပြုလုပ်သည့်ကာလအတွင်း အစိုးရနှင့်အပစ်ခတ် ရပ်စဲရန် တာလီဘန်များကို တောင်းဆိုထားကြောင်း ၊ တာလီဘန်များကလည်း အာဖဂန်အစိုးရမှ ထိန်းသိမ်းထားသည့် တာလီဘန်အဖွဲ့ဝင်များကို လွှတ်ပေးစေလိုကြောင်း မီဒီယာများက ဖော်ပြထား သည်။

အာဖဂန်နစ္စတန်၌ အောက်တိုဘာ ၂၀ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သောရက်များတွင် အာဖဂန် တာလီဘန်များက ရွေးကောက်ပွဲကာလအတွင်း ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်မည်ဟု ခြိမ်းခြောက်ကြေညာထားသည်။ အာဖဂန်လုံခြုံရေးဌာနက လုံခြုံရေး အစီအမံများကို နေရာအနှံ့တွင် တိုးမြှင့် ဆောင်ရွက်လျက်သော်လည်း တိုက်ခိုက်မှုများက မကြာခဏ ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)