Connect with us

Africa & Middle East

တန်ဇန်းနီးယားတွင် ယာဉ်၄စီး ဆင့်ကဲတိုက်မှုကြောင့် လူ အယောက် ၂၀ သေဆုံး

တန်ဇန်းနီးယားနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အာရူရှာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အနောက်တောင်ပိုင်း Mbeya ဒေသ တွင် ဇူလိုင် ၁ ရက် က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ အယောက် ၂၀ သေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Mbeya ဒေသဆိုင်ရာရဲမှူး Mussa Taibu က ယာဉ်မတော်တဆမှုအား အတည်ပြုပြောကြားခဲ့ပြီး Mbeya မြို့စွန် ရှိ Mbalizi တောင်ကုန်းတွင် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း နှင့် ယာဉ်တိုက်မှုတွင် ဘတ်စ်ကား ၃စီး နှင့် ကုန်တင်ကားတစ်စီး ပါဝင်ကြောင်းပြောကြားခဲ့သည်။

Taibu က ကုန်သေတ္တာတစ်လုံးတင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးသည် ခရီးသည်တင် မီနီဘတ်စ်တစ်စီးအား ဝင်တိုက်မိပြီး အခင်းဖြစ်ပွားရာ၌ပင် လူ အယောက် ၂၀ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပထမ မီနီဘတ်စ်ကား အား ဝင်တိုက်ပြီးနောက် ကုန်တင်ကားသည် လမ်းချော်ကာ မြစ်ထဲ ထိုးမကျခင် အခြား မီနီဘတ်စ်ကား ၂စီးကို တိုက်မိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ကုန်တင်ကားသည် Mbeya မြို့မှ တန်ဇန်းနီးယား-ဇမ်ဘီးယား နယ်စပ်ရှိ Tunduma မြို့ သို့ ဦးတည်မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ဒဏ်ရာရရှိသူများကို Mbalizi ခရိုင်ဆေးရုံ နှင့် Mbeya Zonal Referral ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံ Mtwara ဒေသတွင် လူ၅ဦးသေဆုံးပြီး အခြားလူ ၃ဦးဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုဖြစ်ပွားပြီး ၃ရက်အကြာတွင် ယင်းယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တန်ဇန်းနီးယားနိုင်ငံတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု နှင့် လမ်းဆိုင်ရာ အခြေခံအဆောက်အအုံများ ယိုယွင်းပျက်စီးနေမှုများသည် ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.