Connect with us

Asia

တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုက ဒေသအတွက် အရေးပါသော အခွင့်အလမ်းများကို ယူဆောင်ပေးကြောင်း ပါကစ္စတန်သမ္မတပြောကြား

ပါကစ္စတန်နိုင်ငံ၌ လာဟိုးမြို့ရှိ လိမ္မော်ရောင်မျဉ်း-ရထားလမ်းပိုင်းတစ်ခုမြင်ကွင်းအား အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ Xinhua/Liu Tian)

အစ္စလာမ်မာဘတ် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ပါကစ္စတန်နိုင်ငံ Arif Alvi က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်း နှင့်ကမ္ဘာကြီးအား အရေးပါသောအခွင့်အလမ်းများကို ယူဆောင်ပေးကြောင်း နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး သစ်အဖြစ် ခန့်အပ်ခံရသော တရုတ်သံအမတ်ကြီး Nong Rong နှင့်တွေ့ဆုံစဉ် ပါကစ္စတန်သမ္မတက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာစေရန် နှင့် နှစ်နိုင်ငံ နှင့် ဒေသတွင်း ပြည်သူများ အကျိုးခံစားခွင့်ရရှိစေရေး တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) တည်ဆောက်မှု အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

ပါကစ္စတန်သမ္မတက ပါကစ္စတန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ၊ ဒေသတွင်း လုံခြုံရေးထိန်းသိမ်းမှု နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော ဘုံအကျိုးစီးပွားများနှင့်အတူ ခိုင်မာချစ်ကြည်ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် ၎င်းက ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အရေးကြီးသော အကျိုးစီးပွားများဆိုင်ရာ ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံနှင့်အတူ ပါကစ္စတန်နိုင်ငံက ရပ်တည်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။

ပါကစ္စတန်သမ္မတထံ သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့သည့် တရုတ်သံအမတ်ကြီး Nong က ယင်းအခမ်းအနားတွင် ပြောကြားရာ၌ တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့သည် နယ်ပယ်အားလုံးတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း ၊ ယင်းကို ခွဲခြား၍မရနိုင်သလို ကျောက်ဆောင်ကျောက်သားကဲ့သို့ ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုဖြစ်ကြောင်း နှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာသောစွမ်းပကားကို အစဉ်အမြဲဆက်လက်ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပါကစ္စတန် နှင့် အခြားသော ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံများအတွက် ပိုမိုကောင်းမွန်သောအကျိုးစီးပွားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြံ (CPEC) အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် ဒေသတွင်းငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းပါဝင်ရန် နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားများကို ယူဆောင်ပေးရန် ၊ အထူးသဖြင့် COVID-19 ရောဂါတိုက်ဖျက်ရေးကဲ့သို့သော ကိစ္စရပ်များအပါအဝင် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ ဆက်လက်ဆောင်ရွက်သွားရေး ပါကစ္စတန်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ပြောကြားခဲ့သည်။သံအမတ်ကြီး Nong သည် ၎င်း၏ ရာထူးတာဝန်သစ်ကို ထမ်းဆောင်ရန် ပါကစ္စတန်နိုင်ငံသို့ အောက်တိုဘာ ၂၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)