Connect with us

Asia

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ ဆိုးလ်မြို့ရှိ စစ်အခြေစိုက်စခန်းသစ်သို့ပြောင်းရွှေ့

အမေရိကန်စစ်တပ် နှင့် တောင်ကိုရီးယားစစ်တပ်တို့ တောင်ကိုရီးယားနိုင်ငံ ကမ်းရိုးတမ်း၌ ပူးတွဲ စစ်ရေးလေ့ကျင့်နေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ(USFK)သည်တောင်ကိုရီးယား၌ အခြေစိုက်စခန်းများတိုးချဲ ့တပ်ဖြန့်ရန်အတွက် ဆိုးလ်မြို့တောင်ဘက်တွင် ဖွင့်လှစ်ထားသည့် စစ်အခြေစိုက်စခန်းသစ်သို့ ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံရှိအမေရိကန်တပ်ဖွဲ့များ ( USFK) ၏ ၈ ခုမြောက် အမေရိကန်တပ်မဌာနချုပ်ဖွင့်ပွဲကို ဆိုးလ်မြို့တောင်ဘက် ၇ဝ ကီလိုမီတာအကွာ Pyeongtaek ရှိ Camp Humphreys ဌာနချုပ်သစ် တွင် ယနေ့ဇူလိုင်လ ၁၁ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ဌာနချုပ်သည် USFK ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဆိုးလ်မြို့မြောက်ဘက်ရှိ အမှတ်(၂) ခြေလျင်တပ်မဌာနချုပ် အပါအဝင် ဆိုးလ်မြို့အလယ်ပိုင်း Yongsan ရှိ ၈ ခုမြောက် အမေရိကန်စစ်တပ် နှင့် USFK ဗဟိုစစ်ဌာနချုပ်လက်အောက်ခံ တပ်မ တစ်ခုဖြစ်ကြောင်း သိရသည်။

၁၉၅၀ – ၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ၏ အမွေတစ်ခုဖြစ်သော တောင်ကိုရီးယားနိုင်ငံရှိအမေရိကန်စစ်တပ် ( USFK) အစီအစဉ်အဖြစ် အမေရိကန်စစ်တပ်မှ တပ်မ ၈ ခုကိုတောင်ကိုရီးယားနိုင်ငံ၌ အမြဲတမ်းစစ်တပ်အဖြစ် ချန်ထားခဲ့သည်။

USFK စစ်ဌာနချုပ်ကို ယခုနှစ်အတွင်း စစ်အခြေစိုက်စခန်းသစ် သို့ပြောင်းရွှေ့ရန် စီစဉ်ထားပြီး ယခုနှစ်အတွင်းမှာပင် အမေရိကန်စစ်သား ၂၈၅ဝဝ ကျော်အနက်အများစုကို Pyeongtaek သို့ပြောင်းရွှေ့ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန်စစ်သားများ နေရာသစ်ပြောင်းရွှေ့ချထားရေးစီမံကိန်းကို ၂ဝဝ၃ ခုနှစ် အစောပိုင်းက တောင်ကိုရီးယားနိုင်ငံသမ္မတ Roh Moo-hyun နှင့် အမေရိကန်နိုင်ငံသမ္မတ ဂျော့ဒဗလျူဘုရှ် တို့က သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ နေရာသစ်ရွှေ့ပြောင်းရေးစီမံကိန်းအရ တောင်ကိုရီးယားနိုင်ငံပိုင်နက်အတွင်း အမေရိကန်စစ်စခန်း ၉၁ ခုအား တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသ နှင့် Pyeongtake အနီးပတ်ဝန်းကျင်တွင် အဓိက စစ်အခြေစိုက်စခန်း နှစ်ခုသို့ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

၎င်းစီမံကိန်းအရ ယခင်က တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းများအတွက် မြေ ဧရိယာ အကျယ်အဝန်း ၂၄၁.၉၇ သန်း စတုရန်းမီတာ အသုံးပြုခဲ့သော်လည်း ယခုအခါ ၇၆.၇၅ သန်း စတုရန်း မီတာအထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံက စရိတ်အဖြစ် ကိုရီးယားငွေ ဝမ် ၈.၉ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံ) ထည့်ဝင်ရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံဘက်က ကိုရီးယားငွေ ဝမ် ၇.၁ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၆.၁ ဘီလီယံ ) ထည့်ဝင် ရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.