Connect with us

Asia

ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မျှော်လင့်ကြောင်း ထိုင်း ဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံ ပေကျင်းမြိုတွင် ကျင်းပသော ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောနေသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးပြပွဲ (CIFTIS) ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုမိန့်ခွန်း၌ ပရာယွတ်က နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု မြှင့်တင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားနှင့် ဝယ်လိုအား ကွင်းဆက်များ တည်ငြိမ်မှုရှိစေရေးအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို လေးစားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပရာ ပြပွဲဇုန်အား တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများနှင့်အတူ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးပြပွဲ၏ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးသည် စီးပွားရေး ဖလှယ်မှုများနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် နည်းပညာအဆင့်မြှင့်တင်မှုများကို ကိုယ်စားပြုပြီး အရေးပါသော လမ်းကြောင်း တစ်ခုကို ပြသကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အစားအစာ၊ စွမ်းအင်နှင့် နယ်ပယ်များစွာဆိုင်ရာ ဆက်စပ်သော ပြပွဲနှင့် ဖိုရမ်များတွင် တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း၊ ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချသွားကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးအတွက် ပိုမိုပွင့်လင်းမြင်သာမှုရှိသော စည်းမျဉ်းများ မိတ်ဆက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပရာယွတ်က ဆိုသည်။

ထိုင်းနိုင်ငံသည် Thailand 4.0 မူဝါဒကို အကောင်အထည်ဖော်နေပြီး ၎င်းမူဝါဒက ကုန်ထုတ်လုပ်မှုမှ ဝန်ဆောင်မှုကဏ္ဍသို့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးစားပေးမှုကို ပြောင်းလဲရန်နှင့် စီးပွားရေး တည်ဆောက်ပုံ အပြည့်အဝ အဆင့်မြှင့်တင်သွားရန် တီထွင်ဆန်းသစ်မှု၊ မြင့်မားသော နည်းပညာနှင့် စိတ်ကူးဉာဏ်အသစ်များအား အပြည့်အဝ တွန်းအားပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကျန်းမာရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုသည် ထိုင်းနိုင်ငံအတွက် ပိုမိုအရေးပါလာကြောင်း ပရာယွတ်က ဆိုသည်။ အဆိုပါကဏ္ဍတွင် တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများနှင့်အတူ COVID-19 အလွန်ခေတ်ကာလတွင် စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရန် ပိုမိုနီးကပ်စွာ လုပ်ဆောင်သွားစေမည် ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေးတွင်  တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၅ နှစ်မြောက် အခါသမယလည်း ဖြစ်ပြီး ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် အကျိုးကျေးဇူးပြည့်ဝသော ရလဒ်များ ပိုမိုရရှိရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပရာယွတ်က ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ ကျော်လွှားရေးနှင့် ကမ္ဘာ့စီးပွားရေးတွင် ယုံကြည်မှု တိုးမြှင့်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ရန် ထောက်ခံကြောင်း ဝန်ကြီးချုပ် ပရာယွတ်က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)