Connect with us

Asia

မလေးရှားနိုင်ငံဝန်ကြီးချုပ် နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေး

မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင်(ဝဲ) နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး Wei Fenghe (ယာ) တို့အား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင် နှင့် မလေးရှားသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့သည် စက်တင်ဘာ ၇ ရက်ကတွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများအပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါအား အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း မူယီဒင်က ပြောကြားခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံမှ အကောင်းဆုံး ပံ့ပိုးမှုနှင့်အတူ မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံး ကပ်ရောဂါထိန်းချုပ်နိုင်သည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ်ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။ တရုတ်-မလေးရှား နှစ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံအနေဖြင့် ကာကွယ်ရေး ၊ စီးပွားရေး နှင့် ကုန်သွယ်ရေး ၊ ပညာရေး အပါအဝင် အခြားသော နယ်ပယ်ပေါင်းစုံတွင် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်အတွက် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း မူယီဒင်က ဆိုသည်။

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe က တရုတ် နှင့် မလေးရှားနှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုသည် သမိုင်းရှည်ကြာ တည်ရှိခဲ့ကြောင်း နှင့် နှစ်ဖက်ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန်စွာ နှင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နှင့် မလေးရှားနိုင်ငံတို့သည် COVID-19 ကပ်ရောဂါ ပျံ့နှံ့လာချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ထောက်ခံအားပေးမှုပြုလုပ်ခဲ့ကြောင်း နှင့် နယ်ပယ်အားလုံးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေစဉ်အတွင်း စီးပွားရေး နှင့် လူမှုရေးအတွက် ဦးဆောင်ဦးရွက်တွန်းအားပေးခဲ့ကြကြောင်း Wei က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ကတိကဝတ်ပြုခဲ့ပြီးဖြစ်ကြောင်း နှင့် ကောင်းမွန်သောရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ရန် နှစ်ဖက်တပ်မတော်အကြား ဆက်ဆံရေးကို အချိန်ကာလတစ်လျှောက် မြှင့်တင်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် တည်ငြိမ်မှုကို ထိန်းသိမ်းရန်မှာ တရုတ်နိုင်ငံ နှင့် မလေးရှားနိုင်ငံတို့၏ မျှဝေတာဝန်တစ်ရပ်ဖြစ်ကြောင်း Wei က မီးမောင်းထိုးပြောကြားခဲ့သည်။ အခြေအနေအရပ်ရပ်တွင် တောင်တရုတ်ပင်လယ်သည် တည်ငြိမ်စွာ ရှိနေခဲ့ကြောင်း ၊ တောင်တရုတ်ပင်လယ်၏ တည်ငြိမ်အေးချမ်းမှု နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံရေး လမ်းခုလတ်တွင် တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့်အတူ လက်တွဲ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး Wei သည် စက်တင်ဘာ ၇ ရက်တွင် မလေးရှားနိုင်ငံကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob နှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်အပြင် နှစ်ဖက်စစ်တပ်အကြား ဆက်ဆံရေး ၊  နိုင်ငံတကာ နှင့် ဒေသတွင်း အခြေအနေများအပါအဝင် ကိစ္စရပ်များအပေါ် သဘောထားအမြင်များ အပြန်အလှန်ဖလှယ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးမစတင်မီ တရုတ်ကာကွယ်ရေးဝန်ကြီး Wei သည် မလေးရှားကာကွယ်ရေးဝန်ကြီး Ismail Sabri ၏ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်း အခမ်းအနားသို့ အတူတကွတက်ရောက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)