Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်းရေကြီးရေလျှံမှုတွင် လူ၁၁ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးမှုကို ကောင်းကင်ပေါ်မှရိုက်ကူးထားသည့် ဓာတ်ပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိနေပြီး အနည်းဆုံးလူပေါင်း ၁၁ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ ရေကြီးမှုသည် ထိုင်းနိုင်ငံတောင်ပိုင်း၌ ဒီဇင်ဘာလ ၂ ရက်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ရေကြီးရေလျှံမှုကြောင့် ခရိုင်ပေါင်း ၆၈ ခုမှ မိသားစုဝင်ပေါင်း ၁၅၇,၅၈ဝ ဦးသည် ရေဘေးသင့်လျက်ရှိကြောင်း ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး နှင့် လျှော့ချရေးဌာန က ပြောကြားခဲ့သည်။

မုတ်သုန်လေသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒေသများကို ပြင်းထန်စွာ တိုက်ခတ်လျက်ရှိနေပြီး ယင်းဒေသများတွင် လေးရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။ ထိုသို့လေးရက်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးမြေ ဟက်တာပေါင်း ၂၄ဝဝ ကျော်ပျက်စီးခဲ့ရကြောင်း နှင့် ၎င်းပြည်နယ်များတွင် ရွှံ့မြေများဖုံးလွှမ်းသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရက ပြည်သူ့ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစင်တာ အားလုံးအနေဖြင့် မြေပြိုမှုကို သတိပြုစောင့်ကြည့်ရန် ၊ ကယ်ဆယ်ရေးအစီအစဉ်များကို ချက်ခြင်းဆောင်ရွက်ပေးရန် နှင့် လိုအပ်သော နေရာများကို အကူအညီပေးနိုင်ရန်အတွက် ကယ်ဆယ်ရေးသမားများကို အသင့်ရှိနေကြရန် လမ်းညွှန်ထားကြောင်း သိရသည်။ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရေဘေးသင့်ပြည်သူများကို အကူအညီပေးရေး ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းအားထုတ်သွားကြရန် ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်းများကို အမိန့်ပေးထားကြောင်းသိရသည်။(Xinhua)