Connect with us

Asia

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ရှာရစ်ဖ်အား ဖမ်းဆီး ထောင်ချ

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ် ရှာရစ်ဖ် သည် လန်ဒန်မြို့မှ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Lahore မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် အကျင့်ပျက်ခြစားမှု စွဲချက်များ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် ဇူလိုင် ၁၃ ရက် နှောင်းပိုင်းက ၎င်းအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရှာရစ်ဖ် နှင့် အတူ ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသော ၎င်း၏ သမီးဖြစ်သူ မာရမ်နာဝတ်ဇ်တို့သည် Lahoreမြို့သို့ ဒေသစံတော်ချိန် ည ၈း၄၅နာရီတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး တရားရုံးက ရှာရစ်ဖ် နှင့် သမီးဖြစ်သူအား အကျင့်ပျက်ခြစားကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်များအသီးသီး ချမှတ်လိုက်ချိန်တွင် ၎င်းတို့နှစ်ဦး သည် ကျန်းမာရေးမကောင်းသော ရှာရစ်ဖ်၏ ဇနီးဖြစ်သူအား စောင့်ရှောက်ရန် လန်ဒန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။လေဆိပ်လုံခြုံရေးတာဝန်ရှိသူများက ရှာရစ်ဖ် နှင့် သမီးဖြစ်သူအား ဝန်းရံပြီး ၎င်းတို့အား မြို့တော် အစ္စလာမ်မာဘတ်မြို့ အနီး Rawalpindi မြို့ ရှိ အကျဉ်းထောင်တစ်ခုသို့ ပို့ဆောင်ရန် အခြားလေယာဉ်တစ်စင်းပေါ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး တရားရုံးက ရှာရစ်ဖ်သည် ၎င်း၏ ဝင်ငွေထက်ကျော်လွန်၍ ပိုင်ဆိုင်မှုများရှိနေပြီး ပြည်ပတွင် ၎င်း၏ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ထားကြောင်း ဇူလိုင် ၆ ရက်က ပြောကြားခဲ့သည်။တရားရုံးက နာဝတ်ဇ် ရှာရစ်ဖ် အား ဗြိတိန်ပေါင် ၈သန်း နှင့် မာရမ် နာဝတ်ဇ် အား ဗြိတိန်ပေါင် ၂သန်း ဒဏ်ငွေ အသီးသီးပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။၂၀၁၇ခုနှစ် ဇူလိုင်လတွင် အထက်တရားရုံးက နာဝတ်ဇ် ရှာရစ်ဖ် သည် ဝင်ငွေရရှိမှုများကို ဖုံးကွယ်ထား၍ မည်သည့်တာဝန်ရာထူးကို မှရယူရန် အရည်အချင်းမပြည့်မှီကြောင်း သတ်မှတ်ခဲ့ပြီးနောက် ရှာရစ်ဖ် သည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ဧပြီလတွင်လည်း အထက်တရားရုံးက ရှာရစ်ဖ်အား လွှတ်တော်မှ ရာသက်ပန်ထုတ်ပယ်ခဲ့ပြီး နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်ရန်ကိုလည်း တားမြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)