Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ တွင် ကုန်တင်ကား တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၇ ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံ တွင် ခရီးသည် များ ကုန်တင်ကား ဖြင့် ခရီးသွား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Sarangani ပြည်နယ် တွင် ဇူလိုင်လ ၁၃ ရက်နေ့ ၌ ကုန်တင်ကား တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၇ ဦး သေဆုံး ခဲ့ပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံ အစိုးရ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဒေသတွင်း သဘာဝ ဘေးအန္တရာယ် လျှော့ချရေး ကော်မတီ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ ယာဉ်တိမ်းမှောက်မှု သည် ဇူလိုင်လ ၁၃ ရက် နံနက် ၁၁ နာရီ ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ လူပေါင်း ၄၅ ဦး လိုက်ပါခဲ့သည့် ကုန်တင်ကား တစ်စင်း သည် Sarangani ပြည်နယ် အဝေးပြေးလမ်းမ တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး မှာ နေရာတွင် သေဆုံးခဲ့ကြကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ အခင်းဖြစ်ပွား ပြီးနောက် အနည်းဆုံး လူပေါင်း ၃၅ ဦး ကို အနီးပတ်ဝန်းကျင်ရှိ ဆေးရုံ သို့ အရေးပေါ် ကုသမှုဆောင်ရွက်ရန် ပို့ဆောင်ပေးခဲ့ပြီး ပို့ဆောင်နေစဉ် အတွင်း ၄ ဦး မှာ ဒဏ်ရာ လွန်စွာ ပြင်းထန် သဖြင့် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည့် ကုန်တင်ယာဉ် သည် မင်္ဂလာဆောင် သွားရောက်ရန် ခရီးသည်များ ကို တင်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုများ အရ ကား ဘရိတ်ပေါက်ခြင်းကြောင့် အခင်းဖြစ်ပွား ခဲ့ရကြောင်း သိရှိရသည်။(Xinhua)