Connect with us

Asia

ဗီယက်နမ် နိုင်ငံ၌ နှစ်သစ်ကူး အားလပ်ရက် အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၁၃၃ ဦး သေဆုံး

ဗီယက်နမ် နိုင်ငံ၌ ၂၀၁၈ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ၌ ဇန်နဝါရီ ၂၉ ရက်တွင် ပြီးဆုံးခဲ့သည့် နှစ်သစ်ကူး အားလပ်ရက် ရက်သတ္တပတ် အတွင်း ယာဉ်မတော်တဆမှု ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၃၃ ဦး သေဆုံးခဲ့ကာ အခြား ၁၇၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗီယက်နမ် နိုင်ငံ၏ ယာဉ်ထိန်းရဲဌာနမှ သိရသည်။ 

ယင်းယာဉ်မတော်တဆမှု အရေအတွက်များသည်  ၂၀၁၉ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ယဉ်မတော်တဆမှု ၊ သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှုများမှာ ၁၀ ဒသမ ၈ ရာခိုင်နှုန်း ၊ ၅ ရာခိုင်နှုန်း နှင့် ၁၇ ဒသမ ၉ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး ကျဆင်းသွားကြောင်း သိရသည်။ ယာဉ်မတော်တဆမှုများ အနက် ဇန်နဝါရီ ၂၃ ရက်က Dak Lak ပြည်နယ် အလယ်ပိုင်း၌ မော်တော်ဆိုင်ကယ် တစ်စီးမှာ တိမ်းမှောက်မှု ဖြစ်စဉ်တွင် ဆိုင်ကယ်ပေါ် လိုက်ပါလာသူ သုံးဦး သေဆုံးခဲ့ကြောင်း ၊ ဇန်နဝါရီ ၂၈ ရက်တွင် Tay Ninh ပြည်နယ် တောင်ပိုင်း၌ မော်တော်ဆိုင်ကယ် တစ်စီး တိမ်းမှောက်မှု ဖြစ်စဉ်တွင်လည်း လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး အားလပ်ရက် အတွင်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူ ၁၉ ဦး သေဆုံးခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်ရက်လျှင် ပျမ်းမျှ လူသေဆုံးမှု  ၂၀ ဦး အရေအတွက်ထက် လျော့နည်း ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် အားလပ်ရက် အတွင်း ယာဉ်ထိန်းရဲများက တစ်နိုင်ငံလုံးတွင် ယာဉ်စည်းကမ်း ချိုးဖောက်မှု ၁၉,၉၃၃ မှု ဖမ်းဆီးခဲ့ကြောင်း ၊ ဒဏ်ငွေ ဗီယက်နမ်ဒေါင် ၁၉ ဒသမ ၃ ဘီလီယံ(အမေရိကန် ဒေါ်လာ ၈၃၉,၀၀၀) ချမှတ်ခဲ့ကာ ယာဉ်အစီးရေ ၂,၈၃၀ စီးအား ယာယီ သိမ်းဆည်းခဲ့ကြောင်း နှင့်  ယာဉ်မောင်း လိုင်စင် ၂၆,၈၈ ခုအား ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ဗီယက်နမ် နိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၇,၆၀၀ ကျော် ဖြစ်ပွားခဲ့ကာ လူ ၇,၆၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၃,၆၀၀ ခန့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် အခြား လူ ၈,၅၀၀ ခန့် အနည်းငယ် ထိခိုက်မှု ရှိခဲ့ကြောင်း အထွေထွေ စာရင်းအင်းရုံးထံမှ သိရသည်။ (Xinhua)