Connect with us

Asia

ဘင်္ဂလားဒေ့ရှ်ရှိ မြစ်တစ်ခုအတွင်း ကူးတို့ရေယာဉ်တိမ်းမှောက်ရာ ၃ ဦးသေ ၊ အများအပြားပျောက်ဆုံးနေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြစ်ကြောင်းများအတွင်း သွားလာနေသော ခရီးသည်တင် ကူးတို့ ယာဉ်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါကာ ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အနောက်တောင်ဘက် ၁၇၈ ကီလိုမီတာအကွာရှိ Bagerhat ခရိုင် Panguchi မြစ်အတွင်း၌ ယနေ့(မတ်လ ၂၈ ရက်) နံနက်ပိုင်းတွင် ခရီးသည်တင် ကူးတို့ရေယာဉ် တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားရာ လူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိနေပြီး အနည်းဆုံး သုံးဦးသေဆုံးသွားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူ့ကာကွယ်ရေး နှင့် မီးသတ်တပ်ဖွဲ့ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး Masud Sarder က ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဖြေကြားရာတွင် ခရီးသည် ၄ဝ မှ ၅ဝ ဦးအထိ သယ်ဆောင်လာသော ကူးတို့ယာဉ်သည် မတ်လ ၂၈ ရက် နံနက် ၁ဝ နာရီခွဲ ခန့်တွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ အမျိုးသမီး သုံးယောက်ရဲ့ အလောင်းတွေကို ဆယ်ယူရရှိထားပါတယ်” ဟု Sarder ကပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူများကို ပြည်သူ့ကာကွယ်ရေး နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

၎င်း ကူးတို့ရေယာဉ်သည် ခရီးသည် အလွန်အကျွံ တင်ဆောင်ထားခြင်းကြောင့် နစ်မြုပ်သွားရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ၊ လှေတိမ်းမှောက်စဉ် ခရီးသည်အများအပြားမှာ ကမ်းခြေသို့ကူးခတ်သွားခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ကယ်ဆယ်ရေးသမားများသည် ဆိုးရွားသောရာသီဥတု နှင့် ပြင်းထန်သော လှိုင်းများဖြင့် ကြုံတွေ့နေရကြောင်း ၎င်း ကဆက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မြစ်ချောင်းပေါင်း ၂၅ဝ ကျော်တွင် စက်လှေများကိုသာအသုံးပြု၍ သွားလာနေကြပြီး ကူးတို့ရေယာဉ်နှင့် စက်လှေ တိမ်းမှောက်မှုများသည် နိုင်ငံအတွင်း၌ အဖြစ်များသော ဘေးအန္တရာယ်တစ်ခုဖြစ်နေကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့ရေယာဉ်များအား အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် ဆက်လက်အသုံးပြုနေရဆဲဖြစ်ပြီး ၎င်းကူးတို့ယာဉ်များပေါ်တွင် ခရီးသည် အလွန်အကျွံ ဝန်ပိုတင်ဆောင်မှုများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.