Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ကြောင်း တောင်ကိုရီးယားစစ်တပ်ပြော

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လေ့လာကြည့်ရှုနေစဉ်(ဆင်ဟွာ)

ဆိုးလ်၊မေ ၂၉ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက နိုင်ငံ၏ အရှေ့ပင်လယ်၌ ယနေ့(မေလ ၂၉ ရက်) နံနက်အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပူးတွဲစစ်ဦးစီးချုပ်(JCS) က ပြောကြားလိုက်သည်။

အဆိုပါပဲ့ထိန်းဒုံးကျည်သည် စကဒ်(Scud)ဒုံးကျည်ပုံစံမျိုးဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၉ မိနစ်တွင် မြောက်ကိုရီးယားနိုင်ငံ Wonsan ဒေသမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း JCS ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ဒုံးကျည်သည် ၄၅ဝ ကီလိုမီတာအကွာထိ ရောက်ရှိခဲ့ပြီး အရှေ့ဘက်ကမ်းခြေပင်လယ်ပြင်ထဲ သို့ကျရောက် သွားကြောင်း သိရသည်။၎င်းစကဒ်ဒုံးကျည်သည် အကွာအဝေး ၃ဝဝ ကီလိုမီတာ မှ ၅ဝဝ ကီလိုမီတာအထိ ရောက်ရှိနိုင်သည့် တာတိုပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်ကြောင်း ၊ တောင်ကိုရီးယားပိုင်နက်ကို ပစ်မှတ်ထားသည့် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆိုပါဒုံးကျည်ပစ်လွှတ်မှုအပေါ် တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့က အသေးစိတ်လေ့လာမှုများပြုလုပ်လျက်ရှိကြောင်း JCS က ဆိုသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့်ရန်စသည့် အပြုအမူကိုမဆို အနီးကပ်စောင့်ကြည့်နေကြောင်း JCS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၉ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုသည် တောင်ကိုရီးယား သမ္မတ သစ် အာဏာရယူပြီးနောက် မြောက်ကိုရီးယားဘက်က တတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဖြစ်သလို ယခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံ၏ ကိုးကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုလည်းဖြစ်သည်။တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် က အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပြုလုပ်ရန် အမိန့်ပေးထားကြောင်း နှင့် သမ္မတမွန် ၏ ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong က အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)